33 C
Yangon

မြင်းခြံတွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်း ဖက် စစ်တပ်က ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နတ်ညွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပတ္တာရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်မူ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်ညွန်းရွာကို ထပ်မံရောက်ရှိလာပြီး စစ်ဘေးရှောင်ပြည်သူများ ကျန်ရှိခဲ့သော ဆိုင်ကယ်များနှင့် နေအိမ်များကို ထပ်မံ မီးရှို့နေကြောင်း၊ စစ်ကြောင်းက လက်ရှိအချိန်အထိ ကျေးရွာအတွင်းရှိနေသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဟု သိရသည်။

“ပြည်သူတွေ ဖမ်းဆီးခံထားရတာ တော်တော်များတယ်။ စစ်ခွေးတွေက သူတို့ စစ် ကြောင်းထိုးရာ လမ်းတောက်လျှောက်က ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးပြီး လူသားဒိုင်းလုပ်လာတာ အခုခွေးစစ်ကြောင်းက နတ်ညွန်းရွာကို ပြန်ရောက်နေပြီး နေအိမ်တွေနဲ့ ရွာထဲက စစ်ဘေးရှောင်တွေ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို မီးရှို့နေတယ်။ ပျက်စီးမှု အခြေ အနေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ လေးဖျက်ခုံရွာ ၊ ပြည်တော်သာရွာ ၊ ဓားကျွန်းရွာ ၊ တန်စောင်းရွာ ၊ နတ်ညွန်းရွာ ၊ အောင်ဆန်းကုန်းရွာ ၊ နတ်ပေးကျွန်းရွာ ၊ ရဲကုန်းရွာ ၊ အောင်ပြည်စိုးရွာ နှင့် ပတ္တာကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ တစ်ရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article