ရန်ကုန်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ -ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း Indaw Revolution – IR ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို အကြမ်းဖက် စစ်ကော် မရှင်တပ်က တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးများကျဲချတိုက်ခိုက်ခဲ့ရာ ပြည် သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
“ဗုံးကျဲတဲ့နေရာက တိုက်နယ်ဆေးခန်းနဲ့ ရုံးဝင်းနေရာကို ကျဲတာ။ သတင်းပေးဒလန်ရှိလို့ အတိအကျ ဗုံးလာကျဲတာလို့ ပြောရမယ်။ ရဲဘော်တွေ စခန်းထိုင်ထားတဲ့နေရာကို တည့်တည့်ကို ဗုံးကျဲချတာ။ ပကဖ ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၅ ဦးကျဆုံးတယ်။ ပြေးချိန် ရှောင်ချိန်မရလိုက်ကြဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အပြင် နေအိမ် ၂ လုံး၊ အဆောက်ဦးတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး နွားအချို့လည်း ထိခိုက် သေဆုံးခဲ့ ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနှင့် ရွာရှည်ကြားကို စစ်ကော် မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ G12 ကျောင်းသူ ၁ ဦး ထိခိုက်သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အချက်အချာကျသော အင်းတော်မြို့နှင့် မြို့နယ်တစ်ခုလုံးကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ ညက အပြီးသိမ်းပိုက်ထားခြင်းဖြစ်သည်။







