22 C
Yangon

အမေရိကန်တွင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့-ICE က မှားယွင်း ဖမ်းဆီးခဲ့သော ကရင်တိုင်းရင်းသူ မအယ်ဒို့လား ပြန်လည် လွတ်မြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့-ICE က မှားယွင်း ဖမ်းဆီးခဲ့သော ကရင်တိုင်းရင်းသူ မအယ်ဒို့လား ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း အမေရိကန်ရောက် ကရင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ Saint Paul မြို့သို့ တရားဝင် Refugee အဖြစ် ရောက်ရှိလာသော ကရင်တိုင်းရင်းသူ ဒုက္ခသည်အမျိုးသမီး ကရင်တိုင်းရင်းသူ မအယ်ဒို့လားကို အမေရိကန်လူဝင်မှု ကြီးကြပ်ရေး-ICEက မှားယွင်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးပြီးနောက် မင်နီဆိုးတားပြည်နယ်မှ တက္ကဆက်ပြည်နယ်ရှိ ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

“လွတ်တာတော့ လွတ်သွားပြီ။ အခုထိတော့ တက္ကဆက်မှာပဲရှိသေးတယ်။ သူ့မိသားစုရှိတဲ့ မင်နီဆိုးတားကို ပြန်မရောက်သေးဘူး။ သိပ်မကြာခင် သူ့မိသားစုနဲ့ ပြန်ဆုံပါပြီ” ဟု အမေရိကန်ရောက် ကရင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ကရင်တိုင်းရင်းသူ မအယ်ဒို့လားသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ပြည် ထောင်စုသို့ UNHCR ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်း ကြီးရုံး အစီအစဉ်ဖြင့် တရား ဝင် ရောက်ရှိလာသော ဒုက္ခသည်တစ်ဦးဖြစ် ပြီး လက်ရှိတွင် Green Card နေထိုင်ခွင့်ရရှိရေး လျှောက်ထား စောင့် ဆိုင်းနေဆဲဖြစ်ကြောင်း၊ မည်သည့် ပြစ်မှုမှလည်း ကျူးလွန်ခဲ့ခြင်းမရှိဘဲ အမေရိကန်လူဝင်မှုကြီးကြပ်ရေး-ICE က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အမေရိကန်သမ္မတ ထရမ့်လက် ထက်တွင် လူဝင်မှုကြီးကြပ်ရေးအရ တင်းကျပ်လျက်ရှိပြီး တရားမဝင် ဝင်ရောက်လာသူများ၊ ပြစ်မှု မှတ်တမ်းရှိသူများကို စစ်ဆေးဖမ်းဆီး ပြန်ပို့မှုများကို စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် အမေရိကန်ရောက် မြန်မာများအနေဖြင့် အပြင်ထွက်ရာတွင်လည်း ကောင်း၊ အလုပ်သွားရာတွင်လည်းကောင်း မိမိ၏ အထောက်အထား စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာ အမြဲ ယူဆောင်သွားကြရန် အမေရိကန်ရောက် မြန်မာအကြား အချင်းချင်းသတိပေးမှုများ လုပ်ဆောင်နေကြသည်။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မင်နီဆိုးတားပြည်နယ်၊ မင်နီယားပူးလစ်မြို့တွင် မြန်မာနိုင်ငံသားအမျိုး သမီးတစ်ဦးကို ပြစ်မှုကြီးကျူးလွန်ထားသည်ဟု ဆိုကာအမေရိကန် လူဝင်မှုကြီး ကြပ်ရေး- ICE ကဖမ်းဆီးခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရက ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသားများအတွက် ခွင့်ပြုထားသော ယာယီနေထိုင်ခွင့် TPS(Temporary Protected Status)ကို ဖျက် သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် ဖက်ဒရယ်တရားရုံးကမူ မြန်မာများအတွက် TPS ဖျက်သိမ်းမှုကို ရပ်ဆိုင်းထားရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်တားမြစ်ထားသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၁၀ ရက်နေ့ ကရင်တိုင်းရင်းသူ မအယ်ဒို့လားကို အမေရိကန်လူဝင်မှုကြီးကြပ်ရေး-ICE က မှားယွင်းဖမ်းဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article