ရန်ကုန်၊ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါဝင် ၉ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၄ KNDO တပ်ရင်း ၇ KNDO Drone Forces မှ ပြန်ကြာရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပုလောမြို့နယ်၊ သင်္ကန်းတောရွာ၌ အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တပိုရွာကို စစ်ကြောင်းထိုးထွက်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အရာရှိ ၁ ဦး အပါဝင် စစ်သား ၉ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ရန်သူက ဒီဘက်ကို တက်လာလို့ ကင်းအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်တာပါ။ တံတားတစ်ခုပဲခြားတယ်။ ခဏအကြာတော့ ပစ်ခတ်မှုဖြစ်တယ်။ သင်္ကန်းတောရွာမှာကျတော့ တော်လှန်ရေးဘက်က ဝင်ပစ်တာ ဒရုန်းနဲ့ လည်းချတာပေါ့။ တပိုရွာကိုရော သင်္ကန်းတောရွာကိုရော ဒရုန်းနဲ့ချခဲ့တယ်။ မြေပြင်ကလည်းပစ်တာပေါ့။ သင်္ကန်းတောရွာတွင် အထိုင်ချ တပ်စွဲစခန်း စစ်ခွေး အင်အား
၆၀ လောက်တော့ရှိတယ်။ ပုလောမြို့နယ်ရှိ တပိုရွာကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက အင်အား ၅၀ လောက်တော့ရှိမယ်။ စုစုပေါင်း စစ်ခွေးသေတာက အရာရှိ ၁ ဦးအပါအဝင် စစ်ခွေး ၉ ဦးသေဆုံးခဲ့တယ်” ဟု KNU တပ်မဟာ ၄ KNDO တပ်ရင်း ၇ KNDO Drone Forces မှ ပြန်ကြာရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) ၊ တပ်ခွဲ(၂) ၊ KNDO Drone Forces ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း ၊T2 Sky Shadow UAV Forces နှင့် ပုလောမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။




