ရန်ကုန်၊ ဇန်နဝါရီ ၂၉
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းနှင့် နေအိမ်များကို စစ်တပ်နှင့်ပျူစောထီးများက ထပ်မံဖျက်ဆီးမည်ဟု လာရောက်ခြိမ်းခြောက်သွားပြီး မီတာဘောက်များကို ဖြုတ်ယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်ကို ပျူစောထီးများ အင်အားအလုံးအရင်းဖြင့် ကားများဖြင့် ရောက်ရှိလာပြီး ဘုန်း ကြီးကျောင်းများ၊ သီလရှင်ကျောင်းနှင့် နေအိမ်များကို ထပ်မံ ဖျက်ဆီးမည်ဖြစ်၍ ပြောင်းရွေ့ပေးရန် ခြိမ်းခြောက်ပြောဆိုသွားပြီး မီတာဘောက်များကို ဖြုတ်ယူသွားကြောင်း သိရသည်။
“ဒီတစ်ခါဖျက်ဖို့ လာပြောတာကတော့ သူတို့က အခုကျန်နေတဲ့ ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းနဲ့ နေအိမ် ၅၀ ကျော်ကို ထပ်ပြီး ဖျက်မှာမလို့ ပြောင်းရွေ့ပေးဖို့ ခြိမ်း ခြောက်ပြောဆိုသွားတာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေက မီတာဘောက်တွေ အကုန်လုံးကိုလည်း ဖြုတ်ယူသွားတယ်။ ဘယ်နေ့ နောက်ဆုံးပြောင်းပေးရမလဲတော့ မပြောသွားဘူး။ သူတို့ရဲ့ ဖျက်မိန့်ဆိုတဲ့စာကလည်း ဘယ်ဌာနရဲ့ တံဆိတ်တုံးမှ မပါဘဲ အောက်ကလူတွေက လုပ်လို့ရတယ်ဆိုပြီး ထင်သလိုလုပ်နေတာ အခုက ကျန်နေတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေက မဖယ်ပေးဘူးလို့ ပြောလို့ တင်းမာမှုတွေကတော့ ဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်ကို ၂၀၂၅ ခုနှစ် အောက် တိုဘာလ ၃၀ ရက်နေ့ကလည်း စစ်တပ်နှင့်စည်ပင်က အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့ပြီး လူနေအိမ် ၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို ရပ်ကွက်ကို စစ်တပ်နှင့်စည်ပင်က ကျူး ကျော်ဟုဆိုကာ ၂၀၂၄ ခုနှစ်မှ စတင်ပြီး နေအိမ်များ ဖျက်ပေးရန် စာပို့ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုငွေကြည်တော်ကုန်းရပ်ကွက်သည် ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိပြီး ပြည်သူများမှာ ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြခြင်းဖြစ်ကြောင်း၊ ယခုအခါရပ်ကွက်တွင် ရေ၊ မီးအပြည့်အစုံဖြင့် စည်ကားလာခြင်းကြောင့် လုပ်ငန်းရှင်များက စစ် တပ်အရာရှိများ၊ စည်ပင်အရာရှိများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ ရပ်ကွက်ပျူစောထီးများနှင့်ပူးပေါင်းကာ မတရားသိမ်းယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူ့နေအိမ်များကို ဖျက်ဆီးပေးခဲ့သော ငွေကြည်တော်ကုန်းရပ်ကွက်အုပ် ချုပ်ရေးမှူးသည် ငွေကျပ် သိန်း ၁၀၀၀ ကျပ်၊ အကွက်အမှတ် ၅၁၆ အုပ်ချုပ်ရေးမှူး စံမတူ သိန်း ၅၀၀ ကျပ်ရရှိထားပြီး ပြည်ကြီးတံ ခွန်မြို့နယ်၊ စစ်တပ်လက်အောက်ခံ လူဆိုးခေါင်းဆောင် စံရှား၊ စံရှားလက်အောက်ခံ နှုတ်ခမ်းမွှေး၊ သန့်ဇင် ၊ အောင်ကိုဇော်၊ ငမျိုးတို့လည်း ခွဲတမ်းရယူထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







