ရန်ကုန်၊ ဇန်နဝါရီ ၂၉
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်စစ်ရေးလုပ်ရပ်များကို စစ်ကောင်စီက နေ့စဉ်ကျူးလွန်လျက်ရှိကြောင်း၊ စစ်တပ်က အာဏာကို တည်မြဲစေရန် ရည်ရွယ်၍ စစ်ရေးလှုပ်ရှားမှုများကို တိုးချဲ့လုပ်ဆောင်လာသည့်အပြင် စီမံခန့်ခွဲထားသည့် ရွေးကောက်ပွဲများကို ကျင်းပကာ အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ၃ ခုက ထောက်ပြသည်။
စစ်တပ်က ကျူးလွန်နေသော အကြမ်းဖက်မှုများတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုများ ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ အဆင့်ဆင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို ပြည်တွင်းပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့် လိမ်လည်မှုရှိသည်ဟု သတ်မှတ်ကာ စစ်တပ်ထောက်ခံပါတီ အနိုင်ရစေရန် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအဖြစ် ပယ်ချခံထားရကြောင်း ထောက်ပြထားသည်။
Fortify Rights မှ လူ့အခွင့်အရေးအထူးကျွမ်းကျင်သူ Ejaz Min Khant က “ရွေးကောက်ပွဲကို ဖြစ်လာစေခဲ့တဲ့ အကြောင်းအရင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုပြင်းထန်လာတာပါ။ မတရားဖမ်းဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းတွေဟာ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အကျင့်ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ နိုင်ငံရေးပါတီများ အများအပြားကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” အောက်တွင် ရွေးကောက်ပွဲကို ဝေဖန်သူ ၄၀၀ ကျော်အား အရေးယူထားကြောင်း စစ်ကောင်စီက ကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည်။
ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို အထူး တလည် တိုးမြှင့်အသုံးပြုလာခဲ့ပြီး ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ရှောင်စခန်းများအပေါ် ထိခိုက်စေသည့် တိုက်ခိုက်မှုများကြောင့် အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
Amnesty International မှ မြန်မာရေးသုတေသနပညာရှင် Joe Freeman က “၂၀၂၅ ခုနှစ်တွင် စစ်တပ်ရဲ့ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုတွေဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး အရပ်သားများဟာ ဘယ်အချိန်မဆို မိုးပေါ်က ဗုံးကျလာမယ့် အကြောက်အလန့်တွေအောက်မှာ နေထိုင်နေရပါတယ်” ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ပြည်တွင်းစစ်နှင့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူပေါင်း ၁၅ သန်းကျော်မှာ အစာအဟာရမလုံလောက်မှု ပြင်းထန်စွာ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်တွင် အခြေအနေ ပိုမိုဆိုးရွားနေကြောင်းလည်း ဖော်ပြထားသည်။
Human Rights Watch မှ သုတေသနပညာရှင် Shayna Bauchner က “စစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို အပြည်ပြည်ဆိုင်ရာ အကူအညီနှင့် အာရုံစိုက်မှု လျော့နည်းလာတာကို တွေ့နေရပါတယ်။ ဒီအရေးအခင်းကို အဆုံးသတ်ဖို့ အပြည်ပြည်ဆိုင်ရာဖိအား၊ တရားမျှတမှုနဲ့ လက်တွေ့ကျတဲ့ ကူညီထောက်ပံ့မှုတွေ မဖြစ်မနေ လိုအပ်ပါတယ်” ဟု ပြောကြားသည်။
ဓာတ်ပုံ – စစ်တပ်က အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူများ သေဆုံးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
Photo- AFP ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




