29 C
Yangon

မန္တလေး MUFL ကျောင်းအတွင်းမှ စစ်တပ်၊ ဖယ်ခုံမြို့မ ရဲစခန်းနှင့် ထွေအုပ်ရိပ်သာ၊ ပုလဲမြို့နှင့် ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မန္တလေးမြို့ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ MUFL ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို Generation Z Power (GZP) မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း GZP တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ် ဖယ်ခုံမြို့မရဲစခန်းနှင့်ထွေအုပ် ရိပ်သာတို့ကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ က RPG၊ ၇၉ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ထံမှ သိရသည်။

ထိုသို့ တိုက်ခိုက်ရခြင်းမှာ ရဲနှင့်ထွေအုပ် အပါအဝင် NON-CDM ဝန်ထမ်းများသည် ယနေ့တိုင် စစ်ကောင်စီကိုသစ္စာခံ၍ ပြည်သူအပေါ် သစ္စာစောင့်သိမှု မရှိ၍ သတိပေးပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအများစုသည် ဖယ်ခုံမြို့ တွင် အခြေချနေထိုင်သူများနှင့် ဒေသခံများဖြစ်ကြောင်း၊ ဒေသလူထု အကျိုးကို ရှေးရှုရန်နှင့် စစ်ကောင်စီ ယန္တရားလည်ပတ်မှုကို အထောက်အကူမပြုရန် ၊စစ်ကောင်စီလက်အောက်မှအမြန်ဆုံးထွက်ခွာကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က ထပ်မံ သတိပေးကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ၁၂၀ မမ၊ ၈၀ မမ ၊ ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အခုလို ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ပစ်ခတ်ရတဲ့အကြောင်းကတော့ စစ်ခွေးတွေက ပုလဲမြို့နယ်အတွင်းကို စစ်အင်အားအလုံးအရင်းနဲ့ဝင်မွှေပြီး ပြည်သူကာကွယ်ရေးတပ်ကို ရှာဖွေနေတာကို အလစ်ဝင်တိုက်၊ ပစ်ခတ်နိုင်တာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလိုတိုက်ခိုက်ရတာပါ။ တိုက်ပွဲကြာမြင့်ချိန်က ၃နာရီကြာခဲ့တယ်။ ည၉နာရီမှာ တိုက်ပွဲပြီးခဲ့တယ်။ စစ်ခွေးတွေ ဘက်က အကျအဆုံးကတော့ ညအချိန်ရောက်ခဲ့တော့ အတိကျမပြောနိုင်သေးဘူး။ကျွန်တော်တို့ဘက်ကတော့ အကျဆုံးမရှိခဲ့ဘူး။ အသုံးပြုခဲ့တဲ့ လက်နတ်ကြီးတွေကတော့ ၁၂၀ မမ၊ ၈၀ မမ၊၆၀ မမတွေ အချက်ပေါင်းများစွာတိုက်ခိုက်ခဲ့တယ်” ဟု ကျားသစ်နက် တပ်ရင်မှူး ဗိုလ်ဥက္ကာက ပြောဆိုသည်။

ပုလဲမြို့ပေါ် ရှိ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ကျားသစ်နက်အဖွဲ့၊ ဒေါင်းနက်အဖွဲ့နှင့် မြေပြင် local အဖွဲ့ငယ်လေးများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်ကအချိန်က ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

” တိုက်တာကတော့ ဆူညံနေတာပဲ။ ဘယ်သူမှ အပြင်ထွက်မကြည့်ရဲဘူး။ ဒီနေ့ နံနက်ကတော့ ၇ ယောက်ကျတယ်။ ၉ ယောက်ကျတယ် ဆိုတဲ့သတင်းတွေကတော့ ထွက်နေတယ်။ အတိအကျ သိရဖို့ဆိုတာကတော့ မလွယ်ကူဘူး” ဟု ဘုတလင်မြို့ပေါ်နေ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့များဖြစ်သော က​နောင်အဖွဲ့၊ ရန်ကြီးအောင်အဖွဲ့၊ ပုဏ္ဏကအဖွဲ့၊ ဗိုလ်နကိုင်းအဖွဲ့နှင့် မြေပြင်မဟာမိတ် အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော ပုလဲမြို့နယ် ထွေအုပ်ရုံး။ (ပုံဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article