ရန်ကုန်၊ ဇန်နဝါရီ ၃၁
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့သည့် ၅ နှစ်ပြည့်မြောက်လာသည့်အချိန်တွင် လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများ ပိုမို ဆိုးရွားလာနေကြောင်း သတိပေး ပြောကြားသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်က “ဒီမိုကရေစီဖြင့် ရွေးချယ်ထားသော အစိုးရအဖွဲ့ဝင်များကို စစ်တပ်က အတင်းအကျပ် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် ၅ နှစ်ကျော်လာချိန်တွင် မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရမှုများက ပိုမို နက်ရှိုင်း ဆိုးရွားလာနေသည်” ဟု ပြောဆိုသည်။
အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံတွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာရေး ဥပဒေများကို ကျယ်ပြန့်စွာ ချိုးဖောက်နေသည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေပြီး၊ အပြစ်မဲ့ပြည်သူများအပေါ် ပြုလုပ်သော အကြမ်းဖက်မှုများအတွက် တာဝန်ခံယူမှု မရှိသေးကြောင်းလည်း ထောက်ပြထားသည်။
မြန်မာနိုင်ငံအတွင်း အခြေအနေများ မြန်ဆန်စွာ ဆိုးရွားလာနေမှုနှင့် ဒေသအလိုက် သက်ရောက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာခြင်း၊ စီးပွားရေး မတည်ငြိမ်မှုများ၊ အစားအစာ လုံလောက်မှု မရှိခြင်းနှင့် နိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရသူ အရေအတွက် ၅ ဒသမ ၂ သန်းနီးပါးအထိ တိုးလာနေကြောင်း ထုတ်ဖော်ပြောဆိုသည်။
ထို့အပြင် စစ်တပ်က ပြည်သူများနှင့် အခြေခံအဆောက်အအုံများကို ထိခိုက်စေသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက်မှု မှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ့အရေးနှင့်ပတ်သက်၍ သက်ဆိုင်သူများ အားလုံးအား တာဝန်ယူမှုရှိစွာ ဆောင်ရွက်ကြရန်၊ အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက လူသားချင်းစာနာရေး အကူအညီများကို စဉ်ဆက်မပြတ် အတားအဆီးမရှိ ပို့ဆောင်နိုင်စေရန် ခွင့်ပြုပေးရန် တိုက်တွန်းသည်။
ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်သွားရေး ထောက်ခံကြောင်း ထပ်မံ အတည်ပြုပြောကြားခဲ့ပြီး၊ မြန်မာပြည်သူများ၏ အားလုံးပါဝင်နိုင်သည့်၊ ငြိမ်းချမ်းပြီး တရားမျှတသော လူ့အဖွဲ့အစည်းတည်ဆောက်လိုသည့် ဆန္ဒများနှင့် အတူ ရပ်တည်နေသည်ဟု ဆိုသည်။
ရိုဟင်ဂျာမွတ်စလင်များ အပါအဝင် လူ့အသိုင်းအဝိုင်းအားလုံးကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်းကိုလည်း သူက အလေးထား ပြောကြားခဲ့သည်။
ထို့အပြင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်း လွတ်မြောက်စေရန် ထပ်မံ တောင်းဆိုခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် မြန်မာပြည်သူများ ဦးဆောင်သည့် ဖြေရှင်းချက်ကို အထောက်အပံ့ပေးနိုင်ရန် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပူးပေါင်းညီညွတ်မှု၊ ဆက်လက် ပါဝင်ဆောင်ရွက်မှုများ အလွန်အရေးကြီးကြောင်းကိုလည်း သတိပေးခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့ အရေး အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်က အာဆီယံ (ASEAN) နှင့် ဒေသတွင်း မိတ်ဖက်နိုငငံများနှင့် ပူးပေါင်းကာ အမြဲတမ်းတည်တံ့သော ဖြေရှင်းချက်နှင့် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် မြန်မာ့ရွေးကောက်ပွဲကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ကြီးမှူးကျင်းပခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၀ ရှိခဲ့ပြီး အရပ်သား အနည်းဆုံး ၁၇၀ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး (OHCHR) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ရွေးကောက်ပွဲကာလ ၂ လနီးပါးအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၇၀ ဦး သေဆုံးခဲ့ကြောင်း၊ အချို့ဒေသများတွင် ဆက်သွယ်ရေးဖြတ်တောက်ထားမှုနှင့် ပြည်သူများ၏ စိုးရိမ်ကြောက်ရွံ့မှုများကြောင့် အချက်အလက်ရယူရန် ခက်ခဲနေသဖြင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိမ်းစ် ရိုဒီဟေဗာ (James Rodehaver) ကသတိပေးပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) ကလည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများ ခံစားနေရသည့် ဆင်းရဲဒုက္ခများသည် ယခုရွေးကောက်ပွဲကြောင့် ပိုမိုနက်ရှိုင်းသွားခဲ့ရသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးအခွင့်အရေးအရ မဟုတ်ဘဲ အကြောက်တရားကြောင့်သာ မဲပေးခဲ့ကြရခြင်းဖြစ်ပြီး အတိုက်အခံလောင်းများနှင့် တိုင်းရင်းသားလူနည်းစု အများအပြားမှာလည်း ပါဝင်ခွင့် ဖယ်ကြဉ်ခံခဲ့ရကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထို့အပြင် ရွေးကောက်ပွဲကို ကန့်ကွက်သည့်အနေဖြင့် လူမှုကွန်ရက်တွင် စာသားတင်သူများကို ထောင် ဒဏ် ၄၉ နှစ်အထိ အပြင်းအထန် ချမှတ်ခြင်း၊ “ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ” ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခြင်းတို့သည် အရပ်သားအုပ်ချုပ်ရေးသို့ ဦးတည်သည့် လက္ခဏာများ မဟုတ်ဘဲ အကြမ်း ဖက်မှုဖြင့် အာဏာတည်မြဲစေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။




