ရန်ကုန်၊ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်နက်ကိုင်အကာအကွယ်ပေးကာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဂိုဏ်းခေါင်းဆောင် ရွှီလောက်ဖား ကို တရုတ်နိုင်ငံ ချုံကင်းမြို့ တရားရုံးက ယမန်နေ့က သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ချုံကင်းမြို့ ပြည်သူ့တရားရုံးက ဇန်နဝါရီလ ၃၀ ရက်နေ့ အမိန့်ချမှတ်ခဲ့ရာတွင် ကျားဖြန့် ဂိုဏ်းခေါင်း ဆောင် ရွှီလောက်ဖားကို ဆိုင်းငံ့ကာလ ၂ နှစ်ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ အမှုတွဲတွင် ပါဝင်သူ ကျန်းလုံလုံ (Zhang Longlong) ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ကျန်ဂိုဏ်းဝင်များဖြစ်သည့် လျူယွီကျွင်း (Luo Yujun)၊ စီကန်ချန်း (Xi Kangqiang) နှင့် လျူရှီဘင်း (Liu Shibing) တို့ကိုလည်း ကျူးလွန်မှုအလိုက် ထောင်ဒဏ် ၁၄ နှစ်မှ ၂၅ နှစ်အထိ အသီးသီး ချမှတ်ခဲ့ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် ငွေဒဏ်များပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အရ ရှူဖာချီ ခေါင်းဆောင်သည့် အဆိုပါရာဇဝတ်ဂိုဏ်းသည် ၂၀၁၉ ခုနှစ်ကတည်းက ကိုးကန့်ဒေသရှိ ၎င်းတို့၏ ဩဇာအာဏာကို အသုံးချကာ အွန်လိုင်းငွေလိမ်စခန်းများစွာကို တည်ထောင်ခဲ့ကြောင်း၊ ၎င်းတို့က တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ ငွေလိမ်လည်မှုပေါင်း ၃,၄၀၀ ကျော် ကျူးလွန်ခဲ့ပြီး ယွမ် ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၀ သန်းခန့်) မတရားရယူခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဂိုဏ်းက ငွေလိမ်လုပ်ငန်းများကို လက်နက်ကိုင်အကာအကွယ်ပေးထားပြီး အမိန့်မနာခံသည့် လုပ် သားများကို နှိပ်စက်ညှဉ်းပန်းခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ရကြောင်း၊ ရွှီလောက်ဖားနှင့် အပေါင်းအပါများကို ငွေလိမ်လည်မှု၊ တမင်နာကျင်စေမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှု အပါအဝင် ရာဇဝတ်မှု စုစုပေါင်း ၆ ခုဖြင့် ပြစ်ဒဏ်စီရင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ရွှီလောက်ဖားမှာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် နာမည်ကျော် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်-မြန်မာ ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဖမ်းဆီးရမိခဲ့ကာ တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။




