25 C
Yangon

ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်ရှိ ကျားဖြန့်စခန်းကို ဝင်ရောက် စီးနင်းမှု မြန်မာ ၁၇၉ ဦး အပါအဝင် လူ ၂,၀၀၀ ကျော် ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၃

ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်ရှိ ကျားဖြန့်စခန်းကို ကမ္ဘောဒီးယားအာဏာပိုင်များက ဝင်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၇၉ ဦး အပါအဝင် လူ ၂,၀၀၀ ကျော် ဖမ်းဆီးရမိကြောင်း ကမ္ဘောဒီးယားမှ လာသော သတင်းများအရ သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ်အနီးရှိ ဘီဗက် (Bavet) မြို့တွင် ကာစီနိုအမည်ခံ၍ လည်ပတ်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) စခန်းတစ်ခုကို ကမ္ဘောဒီးယားအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၁၇၉ ဦး အပါအဝင် နိုင်ငံခြားသားပေါင်း ၂,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ၊ အဆိုပါစစ်ဆင်ရေးမှာ ကမ္ဘောဒီးယားအစိုးရ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျားဖြန့်နှိမ်နင်းရေးစီမံချက်တွင် အကြီးမားဆုံးသော စီးနင်းမှုတစ်ခုဖြစ်ပြီး ဆိုင်ဗေးရိန်းပြည်နယ်ရှိ အဆောက်အအုံ ၂၂ လုံးပါဝင်သော ဝင်းကြီးတစ်ခုကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ စုစုပေါင်း ၂,၀၄၄ ဦးတွင်တရုတ်နိုင်ငံသား ၁,၇၉၂ ဦး ၊ မြန်မာနိုင်ငံသား ၁၇၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၇၇ ဦး၊ ထိုင်ဝမ်နိုင်ငံသား ၅ ဦး အပြင် အခြားသော အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံသားအချို့လည်း ပါဝင်ကြောင်း သိရသည်။

ကာစီနိုအမည်ခံ၍ စနစ်တကျလိမ်လည်နေသော အဆိုပါ ကျားဖြန့်းစခန်းမှာ အဆောက်အအုံပေါင်း ၂၂ လုံးဖြင့် တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်သည့်လုပ်ငန်းများကို စနစ်တကျ ဖွဲ့စည်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ချ် ဆိုဟတ် (Touch Sokhak) က “ကမ္ဘောဒီးယားအစိုးရဟာ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါဘူး။ ကမ္ဘောဒီးယားဟာ ရာဇဝတ်ကောင်တွေအတွက် ခိုလှုံရာနေရာမဟုတ်ဘဲ ငရဲခန်းတစ်ခုပဲ ဖြစ်ရမယ်” ဟု ပြတ်ပြတ်သားသား သတိပေး ပြောကြားသည်။

ယခုနှိမ်နင်းမှုသည် တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်းက ကျားဖြန့်ဂိုဏ်းချုပ် ချန်ကျိ (Chen Zhi) ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများကို ပေကျင်းအစိုးရလက်သို့ လွှဲပြောင်းပေးမည်ဖြစ်သော်လည်း မြန်မာနိုင်ငံသား ၁၇၉ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။ ဇန်နဝါရီလအတွင်းကလည်း မြန်မာနိုင်ငံသား ၁၃၆ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

လတ်တလော ကမ္ဘောဒီးယား အွန်လိုင်းငွေလိမ်မှု နှိမ်နင်းရေးကော်မတီ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၇ လအတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံသယရှိသူ ၅,၁၀၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အနက် ၄,၅၃၄ ဦးကို သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားအစိုးရက နိုင်ငံတကာမျက်နှာစာတွင် ကျဆင်းနေသော ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article