ရန်ကုန်၊ ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စရဖရုံးတွင် သင်တန်းတက်နေသော စစ်သားများနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ပြီး စစ်ကြောင်းက စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ပြည်သူ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်း အဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပကဖ မှာတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၁ မိနစ်ခန့်တွင် လောင်းလုံးမြို့ စရဖ ရုံးတွင် မြို့ပြ စစ်ဆင်ရေးအတွက် သင်တန်းပေးနေသော စစ်သား ၂၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို တိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ၊ ကျောင်းသားတော်လှန်ရေး (S.R.F) ၊ Dawei Defence Team (D.D.T) တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို လောင်းလုံး ပကဖ နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို့က ညှင်းမော်ကျေးရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်နှင့် ဇန်နဝါရီလ ၃၀ ရက်နေ့တို့တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့(L.L.S.B.F)၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်(SRF)၊ Guerrilla Dawei ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ညှင်းမော်ကျေးရွာနှင့် ရင်းဘုတ်ကျေးရွာမှ အသက် ၃ နှစ် ၊ ၆ နှစ် ၊ ၈ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ ညှင်းမော်ရွာအနီး တောထဲ၌ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက အခုချိန်ထိ ပြည်သူတွေကို ဆက်လက် ဖမ်းဆီးထားပြီး ညှင်းမော်ရွာအနီးက တောထဲမှာ တပ်စွဲထားတုန်းပဲ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူး။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ နေ့စဉ်သွားရောက် ဗုံးကျဲ တိုက်ခိုက်နေလို့ စစ်ခွေး စစ်ကြောင်းက ထွက်မလာရဲဘဲ တောထဲမှာပဲ တပ်စွဲထားတာ” ဟု လောင်းလုံးမြို့နယ် ပကဖ မှာတာဝန်ရှိသူက ပြေဆိုသည်။




