ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အကြမ်းဖက် စစ်အုပ်စုက ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများနှင့် ကြိုတင်ဖန်တီးထားသော ရလဒ်များသည် မြန်မာနိုင်ငံ အကျပ်အတည်းနှင့် အကြမ်းဖက်မှုများ ပိုမိုရှည်ကြာစေနိုင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့သည်။
အဆိုပါ ပြောကြားချက်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်ဆိုင်ရာ Executive Board of UNDP ၊ UNFPA နှင့် UNOPS ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး UNDP အုပ်ချုပ်ရေးမှူးနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်၌ သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လုပ်ခလစာတိုးမြင့်မှုမရှိခြင်းနှင့် အထူးသဖြင့် လူငယ်အမျိုးသားများကို ပစ်မှတ်ထားသည့် အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုတို့ကြောင့် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပထွက်ခွာမှုများမှာ စိုးရိမ်ဖွယ်ကောင်းစွာ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက်လျက်ရှိကြောင်း သံမတ်ကြီးက ထောက်ပြပြောဆိုသည်။
အကြမ်းဖက် စစ်အုပ်စုသည် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်များကို ဖြိုချ ဖျက်ဆီးခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေး ပြိုလဲခြင်း၊ ရာဇဝတ်မှုနှုန်းများ မြင့်တက်လာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကျယ်ပြန့်သော ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအခြေအနေများ ဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။
ထို့ပြင် တရားမဝင်အာဏာသိမ်းမှုနှင့် ၎င်း၏အကျိုးဆက်များသည် မြန်မာနိုင်ငံသားများ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ဆုတ်ယုတ်စေသည့်အပြင် ရှိရင်းစွဲအားနည်းချက်များကို ပိုမိုဆိုးရွားစေကာ မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းကို ပြိုကွဲစေခဲ့ကြောင်း၊ UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက်သို့ ရောက်ရှိလာပြီး လူလတ်တန်းစား ပျောက်ကွယ်လုနီးဖြစ်ကာ မြို့ပြဆင်းရဲမှုလည်း သိသိသာသာ မြင့်တက်လာကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၃.၆ သန်းကျော်ရှိပြီး လူဦးရေ ၂၂ သန်းနီးပါးမှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း၊ နိုင်ငံအတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရန် စစ်မှန်သောဒီမိုကရေစီကို အပြည့်အဝပြန်လည်ထူထောင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။
ထို့ကြောင့် အကြမ်းဖက် စစ်အုပ်စုက ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲများနှင့် ကြိုတင်ဖန်တီး ထားသော ရလဒ်များသည် မြန်မာနိုင်ငံရှိ အကျပ်အတည်းနှင့် အကြမ်းဖက်မှုများကို ပိုမို ရှည်ကြာစေမည်သာ ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါကြောင်း ပြောကြားသည်။
တရားမဝင် စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း ထိခိုက်လွယ်သည့် မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းများအနေဖြင့် ထိရောက်ပြတ်သားစွာ ဆောင်ရွက်ရန် နောက်ထပ်စောင့်ဆိုင်းနေ၍ မရနိုင်တော့ကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် လူငယ်များသည် နှစ်ပေါင်းများစွာကို အကျိုးမဲ့ဆုံးရှုံးခဲ့ရပြီးဖြစ်သဖြင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် မြန်မာပြည်သူများ၏ ခိုင်မာသော ဆုံးဖြတ်ချက်အား နိုင်ငံတကာအသိုက်အဝန်းက ထောက်ခံကူညီပေးကြရန် တိုက်တွန်းခဲ့ ပြောကြားသည်။
ထိုသို့ ဦးကျော်မိုးထွန်း၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ UNDP အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံတွင် ဒေသခံ ခေါင်းဆောင်မှုပိုင်း၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း UNDP မှ ဆောင်ရွက်နေသည်များကို ဥပမာပေးပြောကြား၍ ဒေသတွင်းစားနပ်ရိက္ခာထုတ်လုပ်ရေးနယ်ပယ်၌ လူဦးရေတစ်သန်းကျော်ကို ကူညီထောက်ပံ့နိုင်မှုကို ထည့်သွင်း၍ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။






