32 C
Yangon

ကျွန်းလှတွင် ဗိုလ်ကြီးဉာဏ်လင်းအောင်၏ အမျိုး ဆန်စက်ပိုင်ရှင် ကိုမင်းမင်း ကို အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးများက ငွေလု ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်၊ အုပ်ကြီး အပါအဝင် ပျူစောထီး ၇ ဦးကို စစ်တပ်က ပြန်ဖမ်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း ကျွန်းလှမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ဉာဏ်လင်းအောင်နှင့် ညီကိုဝမ်းကွဲ တော်စပ်သူ ဆန်စက်ပိုင်ရှင် ကိုမင်းမင်းကို ပျဉ်းမမြိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီး ၇ ဦးက ဇွန်လ ၂၇ ရက်နေ့တွင် ငွေလုယူ ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ပြီး ယခု ပျူစောထီး ၇ ဦးကို စစ်တပ်နှင့်ရဲက ပြန်လည် ဖမ်းဆီးကြောင်း သိရှိရသည်။

ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုမင်းမင်းနှင့် အဖော်တစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့တွင် ဝက်ဝယ်ရန် ကျွန်းလှမြို့သို့ ရောက် လာစဉ် ကျွန်းလှမြို့ ပျဉ်းမမြိုင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်း ဆောင် ကိုညီနှင့် အဖွဲ့က ဖမ်းဆီးနှိပ်စက် ချုပ်နှောင်ထားပြီး ဝက်ဝယ်ရန် ပါလာသော ပိုက်ဆံ ၁၅ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ဆိုင်ကယ် ၁ စီးကို လုယူခဲ့ကြကြောင်း သိရှိရသည်။

ထို့သို့ ကိုမင်းမင်းကို ဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်တွင် ကျွန်းလှမြို့ အရှေ့ဘက်ကို ကားနှင့် တင်ဆောင်သွားပြီး လက်ပြန် ကြိုးတုတ်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သောကြောင့် ကိုမင်းမင်းသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၎င်းနှင့်အတူ အဖော်ပါလာသူ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ထွတ်ပြေး လွတ်မြှောက်လာသူက ကိုမင်းမင်း၏ မိသားစုဝင်နှင့် ဆွေမျိုး တော်စပ်သူများကို ကိုမင်းမင်းအသတ်ခံရကြောင်း အကြောင်းကြားခဲ့ကြောင်း၊ ကိုမင်းမင်း၏ ဆွေမျိုးများက အမျိုးဖြစ်သူ စစ်တပ်ဘက်မှ ဗိုလ်ကြီး ဉာဏ်လင်းအောင်ထံ ဆက်သွယ်ပြောဆိုခဲ့သဖြင့် ဗိုလ်ကြီးဉာဏ်လင်းအောင်က ကျွန်းလှနယ်မြေ ရဲစခန်းသို့ စုံစမ်းစစ်ဆေးရန် ဖိအားပေးကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် ကျွန်းလှရဲစခန်းမှ ရဲအုပ် သန်းမင်းထွေးနှင့် အဖွဲ့သည် အခင်းဖြစ်နေရာနေရာသို့ သွားရောက်စုံစမ်းပြီး သေဆုံးသူ ရုပ်အလောင်းအား မတွေ့ရှိဘဲ ကျဉ်ဆန်အခွံ့များသာ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ဆက်လက် စုံစမ်းနေစဉ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ကိုမင်းမင်း အလောင်း မြုပ်နှံ ထားသော နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းကို ကျွန်းလှမြို့နယ် ပြည်သူ့ ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျွန်းလှမြို့အခြေစိုက် စစ်တပ်က အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ခေါင်းဆောင် ကိုညီနှင့်ပျူစောထီးများထံမှ လက်နက်ပြန်လည် သိမ်းဆည်းခဲ့ပြီး ကိုညီ တစ်ဦးတည်းကိုသာ သေနတ်ပြန် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လက်နက် ပြန်လည် ထုတ်ပေးခဲ့သော်လည်း ဇူလိုင်လ ၅ ရက်နေ့တွင် ပျူစောထီး ခေါင်းဆောင် ကိုညီ အပါအဝင် သိန်းလွင်၊ ပြူးကျယ်(ခ)ရန်ပိုင်စိုး၊ သိန်းဇော်၊ မြင့်နိုင်၊ မင်းမင်းဦးနှင့် သုဘရာဇာ တို့ စုစုပေါင်း ၇ ဦးကို စစ်တပ်က ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ပြီး ကန့်ဘလူမြို့နယ် ၆၀၀၆ စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ပထမ အုပ်ကြီးကို မဖမ်းထားဘူး။ ပျူတချို့ကိုပဲ ဖမ်းတာ။ ပထမပိုင်းမှာ တကယ် ပြစ်မှုကျူးလွန်တဲ့သူတွေကိုတော့မဖမ်းဘဲ လွှတ်ထားတဲ့သဘောပဲ။ နောက်ပိုင်းမှ အကုန်ဖမ်းတဲ့သဘောဖြစ်တာ။ မြို့ပေါ်မှာရှိ ပျူအဖွဲ့၊စခနှင့် ရဲအဖွဲ့တို့ဟာ ပြည်သူတွေဆီက မတရားငွေညစ်လုယူပြီး အဝေမတည့်တာ၊ ဗိုလ်လု၊ နေရာလုတာတွေလည်းရှိတယ်။ အချင်းချင်းလည်း မသင့်မြတ်ကြတော့ဘူး။ ဒီဖြစ်စဉ်မှာ ရဲတွေလုံးဝမသိဘဲ ပျူစောထီးတွေပဲ ပြစ်မှုကိုကျူးလွန်ခဲ့ကြတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောည်။

ကိုမင်းမင်းကို သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အတွင်း ပျူစောထီးခေါင်းဆောင် ကိုညီနှင့် ပြူးကျယ် တို့ပါဝင်ပြီး ရုပ်အလောင်းကို ဖျောက်ဖျက်သည့်နေ့မှ သုဘ ရာဇာတို့ ပါဝင်လာခြင်းဖြစ်ကြောင်း၊ ညအချိန် လူသတ်မှု ကျူးလွန်ရန် အတွက် ကိုညီ ဦးဆောင်ပြီး ကားနှင့် မောင်းထွက်သွားသည်ကို တွေ့မြင်သူများလည်းရှိကာ လူသတ်မှု ကျူးလွန်ရာ အနီးတဝိုက်ရှိ တောတဲများကိုလည်း မီးရောင်မြင်လည်း ထွက်မကြည့်ရန်၊ ခွေးဟောင်လည်း ထွက်မကြည့်ရန်နှင့် သေနတ်သံကြားပြီး ထွက်လာလျှင် ပစ်ခံရမည်ဟု ကြိုတင် ခြိမ်းခြောက်ပြီးမှ ဆန်စက်ပိုင်ရှင် ကိုမင်းမင်းကို သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ငွေလုယူ ဖမ်းဆီး သတ်ဖြတ်လိုက်သော ဆန်စက်ပိုင်ရှင် ကိုမင်းမင်း၏ အလောင်းကို ပြန်လည်ရရှိစဉ်။ ကိုမင်းမင်းသည် စစ်တပ်မှ ဗိုလ်ကြီးဉာဏ်လင်းအောင်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်နေသူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article