26 C
Yangon

မြန်မာနိုင်ငံသို့ လျှို့ဝှက် သွားရောက်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က နေပြည်တော်ခရီးစဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ အစီရင်ခံတင်ပြမည်

Must read

ရန်ကုန်၊ မေ ၂၆

မြန်မာနိုင်ငံသို့ လျှို့ဝှက်သွားရောက်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop က နေပြည်တော် ခရီးစဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့ ကုလသ မဂ္ဂအထွေထွေညီလာခံသို့ ပြန်လည် အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း ကုလသမဂ္ဂသံတမန်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishopသည် မေလဒုတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်တပ်နှင့် ကုလသမဂ္ဂဘက်ကပါ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့ကြခြင်းဖြစ်သည်။

Julie Bishop၏ ခရီးစဉ်သည် ကုလသမဂ္ဂရာထူးတာဝန်အရ သူမ၏ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး စစ်တပ်က အရပ်သားအစိုးရအသွင် ပုံစံပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာ့အရေးနှင့်ပတ် သက်ပြီး ဂျူလီဘိရှော့က တရားဝင် ရှင်းလင်းပြောကြားသွားရန် ရှိနေပြီး ဇွန်လ ၁၉ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက်မွေးနေ့လည်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခရှိ၊ မရှိကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိချက်များကို အများပြည်သူသို့ အသိပေးချပြရန် ၂၀၂၅ ခုနှစ် မတ်လအတွင်း မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၉၀ ဖွဲ့တို့က တောင်းဆိုခဲ့ဖူးသည်။

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly – UNGA) အနေဖြင့်လည်း ယင်းအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို အမြန်ဆုံးရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်ရိုက်ဦးစီးလုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းတောင်းဆိုခဲ့ဖူးသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော Shenghe Resources နှင့် China Communications Construction Company အပါအဝင် ဖြစ်နိုင်ခြေရှိသော သို့မဟုတ် အတည်ပြုထားသော သတ္တုတွင်းလုပ်ငန်းနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများ ရှိနေကြောင်း၊ တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်နေမှုသည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦး အနေဖြင့် ရှိရမည့် သမာသမတ်ကျမှုနှင့် လွတ်လပ်အမှီအခိုကင်းမှုအပေါ် အလွန်ပင်ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် တရားမဝင်မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများနှင့် မှားယွင်းသောတရား ဝင်မှုကို ပံ့ပိုးပေးနေသော ထိပ်တန်းအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်ဖြစ်ရာ ထိုကဲ့သို့သော အကျိုးစီးပွားဆိုင်ရာပဋိပက္ခ ရှိနေခြင်းသည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေကြောင်း၊ မြန်မာစစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို တရုတ်အစိုးရက အားပေးကူညီလျက်ရှိနေကြောင်းကို အထောက်အထားများက ဖော်ပြထားပြီး ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article