25 C
Yangon

သရက်ချောင်းမြို့နယ်၊ ခလရ ၄၀၄ တပ်ရင်းမှ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ခလရ ၄၀၄ တပ်ရင်းမှ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ကစယ်ဒို ခေါ် သရက်ချောင်း မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၄၀၄ တပ်ရင်းမှ တပ်သား ၁ ဦးက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၂ ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာကြောင်း၊ အဆိုပါ အလင်းဝင်ရောက်သော တပ်သားသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ MA-1 ကျည်ဆံ ၂၁၀ ထောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်းသိရှိရသည်။

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းနှိုဆော်ထားသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း မြိတ်-ထားဝယ် ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၄၀၆ တပ်ရင်းမှ စစ်သား ၅ ဦးက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော စစ်သား ၅ ဦးသည် MA-1 အမျိုးအစား သေနတ် ၃ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ BA-100 အမျိုးအစား ၁ လက်၊ ကျည် အပါဝင် စစ်သုံးပစ္စည်းတချို့ နှင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၇၉ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article