ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၃၄ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦးသေဆုံးကာ ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်သားများထံမှ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ၁၂၀ မမ လက်နက်ကြီး ၁ လက်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများ အတွင်း KNLA တပ်မဟာ ၅ ဘက်မှ ရဲဘော် တချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်သူများ နေထိုင်သောကျေးရွာများကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာဖြင့် ၂၉ ကြိမ်၊ ဒရုန်းဖြင့် ၄ ကြိမ်၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးနှင့် အဆောက်အဦး ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၅ နှင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် တို့အကြား တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၈၄ ဦး သေဆုံးကာ ၄၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးတို့ ပါဝင်ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး၊ ဒုဗိုလ် ၁ ဦး၊ ဆေးတပ်တာဝန်ခံ ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦး တို့ ပါဝင်ကာ အကြမ်းဖက် စစ်တပ်၏ အဆောက်အဦး ၁၆ လုံးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။




