ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ကချင်လွတ်လပ်ရေး-KIO က အမိန့်ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၆ ရက်နေ့ ကချင်လွတ်မြောက်ရေးအစိုးရ၊ နောင်မွန်ခရိုင် ဗဟိုစီးပွားရေးဌာနက ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် လုပ်ကိုင်နေသည့် ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း၊ ရွှေတူးဖော်ရေး ပိတ်သိမ်းမည့်နေရာများတွင် ရွှေကူးမြို့ပေါ်ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ အနီးအနားနှင့် ဧရာဝတီမြစ် (Mali Hka) ကမ်းတစ်လျှောက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း (Ja Htu Shap) အားလုံး ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ရွှေတူးဖော်ရေးလုပ်ငန်းများ ပိတ်သိမ်းရန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် နေ့မှစတင်၍ ရပ်ဆိုင်းရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ ရွှေတူးဖော်ရေးလုပ်ငန်းများကို ယခင်ကတည်းက ပိတ်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း ယခုအခါ ပြန်လည်စိစစ်၍ ထပ်မံအတည်ပြု ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု အခြေအနေက နှစ်ပိုင်းဖြစ်နေတာပါ။ တစ်ပိုင်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေက သဘာ၀ပတ်ဝန်းကျင်ကို အရမ်းထိခိုက်လာတာရယ်။ နောက်တစ်ခုက စစ်ရေးတင်းမာမှုတွေကြောင့် ဗုံးကျဲခံရရင် သေဆုံးမှုတွေ အရမ်းများတော့ လုပ်ငန်းတွေရပ်ဆိုင်းတာက ပိုပြီးတော့ ထိရောက်မှာဖြစ်ပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
အဆိုပါအမိန့်ကို သိရှိလိုက်နာနိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ စစ်ဘက်ဆိုင်ရာ တပ်မဟာ ၁၁ နှင့် အခြားသော ဌာနဆိုင်ရာအသီးသီးထံသို့လည်း အကြောင်းကြားထားကြောင်း သိရှိရသည်။




