ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ Apollo ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသား Huang Cuilin သတင်းကို Khit Thit က ဖော်ပြပြီးနောက် စစ်တပ်က စစ်ဆင်ရေးဖြင့်ဝင်ရောက်ကယ်ဆယ်ကာ တရုတ်ပြည်ပြန်ပို့ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ တရုတ်နိုင်ငံသား Huang Cuilin က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ Apollo ကျားဖြန့်ဝင်းတွင် တရုတ်နိုင်ငံသား Huang Cuilin လူကုန်ကူးခံထားရကြောင်း Khit Thit သတင်းဌာနက သတင်းဖော်ပြပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် BGF ပူးပေါင်းအဖွဲ့များက ၎င်းရှိနိုင်သော နေရာများသို့ ဝင်ရောက်စီးနင်း လိုက်လံရှာဖွေပြီး ကယ်ထုတ်လာကြောင်း၊ ယင်းနောက် အခြားသော လူကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသားများကိုလည်း ကယ်ထုတ်လာနိုင်ခဲ့ကြောင်း၊ လတ်တလော မြ၀တီမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားပြီး ရန်ကုန်ရှိ တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် စကားပြောဆိုခွင့်ရရှိကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံ၊ မဲဆောက်လေယာဉ်ကွင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့နိုင်ရေး စီစဉ်နေကြောင်း သိရှိရသည်။
“ကျနော့်ကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လာကယ်ပါတယ်။ အခြား လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေလည်း လွတ်လာပါတယ်။ အခု ကျနော်တို့ကို စစ်တပ်ဝင်းထဲမှာ ထိန်းသိမ်းထားတယ်။ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက တာဝန်ရှိသူတွေနဲ့လည်း စကားပြောရပါတယ်။ သိပ်မကြာခင် ကျနော်တို့ တရုတ်ပြည်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခု ကျနော်ကျန်းကျန်းမာမာနဲ့ အစားအစာ၊ ရေ အိပ်ရာ အကုန် အဆင်ပြေပါတယ်။ တရုတ်ပြည်သူတွေဆီက ပေးပို့တဲ့ လက်ဆောင်တွေလည်း ကျနော်ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ကျားဖြန့်ဝင်းအတွင်းမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသား Huang Cuilin က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တရုတ်နိုင်ငံသား Huang Cuilin မှာ ဝင်ငွေကောင်း သော အလုပ်ရရှိမည်ဆိုသဖြင့် ၂၀၂၃ ခုနှစ် မေလတွင် မြ၀တီမြို့နယ်သို့ ထိုင်းနိုင်ငံမှ တစ်ဆင့်ရောက်ရှိခဲ့ပြီး ရောင်းစားခံခဲ့ရကြောင်း၊ အဆိုပါနေရာတွင် နှစ်ချီ၍ အလုပ်လုပ်ခံရပြီး သတ်မှတ်ထားသော ငွေပမာဏ ရရှိအောင် မလိမ်လည်နိုင်ပါက ရိုက်နှက်ခံရခြင်း၊ အခန်းငယ်ထဲ ပိတ်လှောင်ခံရကြောင်း၊ တစ်နေ့လျှင် ထမင်းတစ်နပ်သာပေးပြီး အလွန်ရိုက်နှက်ကြောင်း သိရှိရသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်းကျားဖြန့်ကုမ္ပဏီဝင်းမှ ပထမအကြိမ် ထွက်ပြေးခဲ့သော်လည်း ထွက်ပြေးချိန် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝေးဝေး မပြေးနိုင်ဘဲ ပြန်လည် ဖမ်းမိခဲ့ကြောင်း၊ ပြန်လည် ဖမ်းမိချိန်တွင်လည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း ၎င်းက ဆိုသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း ရွှေကုက္ကိုလ်ကျားဖြန့်ဝင်းအတွင်း စစ်ဆင်ရေးများ ဝင်ရောက်လာချိန် တရုတ်ကုမ္ပဏီက ကျားဖြန့်လုပ်သားများကို နေရာရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းနေရာမှာ တောင်ပေါ်မှ ဘုရားကျောင်းကဲ့သို့ အဆောက်အအုံကြီးဖြစ်ကြောင်း၊ ယင်းနေရာမှ ထွက်ပြေးလာခဲ့ပြီး လမ်းတွင် မြန်မာအမျိုးသမီး ၂ ဦးကို အကူအညီတောင်းခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး ၂ ဦး၏ အကူအညီဖြင့် မြ၀တီမြို့နယ်ရဲစခန်းသို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
မြ၀တီမြို့နယ်ရဲစခန်းသို့ ရောက်ရှိချိန် မြို့နယ်ရဲမှူး ဆိုသူနှင့် စကားပြောခဲ့ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို သတင်း ပို့ပေးပါရန်နှင့် တရုတ်နိုင်ငံသို့ ပြန်လိုကြောင်း ပြောဆိုခဲ့ကြောင်း၊ မြို့နယ်ရဲမှူးက အထက်သို့ တင်ပြပေးမည်ဆိုကာ လက်နက်ကိုင်အဖွဲ့တစ်ခုက ညပိုင်းတွင် ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် Apollo ကျားဖြန့်ဝင်းသို့ ပို့ဆောင်ခံရကြောင်း၊ အဆိုပါကျားဖြန့်ဝင်းမှ တရုတ်ပိုင်ကုမ္ပဏီက မြို့နယ်ရဲစခန်းက ရောင်းစားခဲ့ကြောင်း၊ ယင်းနောက် Khit Thit သတင်းဌာနမှတစ်ဆင့် ၎င်း၏သတင်းကို ဖော်ပြခဲ့ရာမှ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။




