ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၅ ဦးကို ဖမ်းဆီးပြီး ညောင်ပင်စောက်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသိုပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီး ပျူစောထီးရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေပုတ်ကလေးကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာများကို စစ်ကြောင်းထိုးဝင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရေပုတ်ကလေးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူ ၇ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း ညောင်ပင်စောက်ကျေးရွာအတွင်းသို့ ဆက်လက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ညောင်ပင်စောက်ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ် ၁၆ လုံး မီးလောင်ပြာကျခဲ့ပြီး ရေပုတ်ကလေးနှင့် ညောင်ပင်စောက်ကျေးရွာတစ်ဝိုက်မှ ပြည်သူ ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ထို့သို့ မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကြောင်းသည် ကျောင်းကုန်းကြီး ပျူစောထီးရွာကို ပြန်လည် ဆုတ်ခွာသွားပြီး ဖမ်းဆီးထားသော ပြည်သူတချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တွေ့တဲ့ ပြည်သူတွေကို ဖမ်းထားတာ အားလုံးပေါင်း ဖမ်းခံရတာ ပြည်သူ ၁၅ ဦးရှိတယ်။ ခွေးစစ်ကြောင်းကရွာကို မီးရှို့ပြီး ပြန်ဆုတ်သွားပြီး ပြည်သူတချို့ပဲ ပြန်လွတ်လာတယ်။ အများစုကိုတော့ သူတို့ ဆက်လက် ဖမ်းဆီးထားတုန်းပဲ စစ်ခွေးတွေ မီးရှို့လို့ ညောင်ပင်စောက်ရွာက နေအိမ် ၁၆ လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






