ရန်ကုန်၊ ဇူလိုင် ၁၄
တောင်ငူခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နှင့် သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ကြား ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း NTDF ထံမှ သတင်းရရှိသည်။
ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရေတာရှည်မြို့နယ်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ လယ်သာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် NTDF ကြား ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကြာကန်-ထုံးဘို လမ်းအတိုင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြကန်သာတောရကျောင်းအနီးတွင် NTDF က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း NTDF ဒု-တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
“ကြာကန်-ထုံးဘို ဗျူဟာလမ်းမှာ ၄၂ ဦးနဲ့ တက်လာတဲ့ စစ်ကြောင်းကို ရှေ့ထွက်ပြောင်း (လက်နက်ကြီး) ၂ လုံးနဲ့ ပစ်တာ၊ ၉ ဦးသေတယ်၊ ဒဏ်ရာရသူတွေထဲကလည်း ထပ်သေနိုင်တယ်။ ကား ၃ စီးနဲ့ အလောင်းလာကောက်သွားတယ်” ဟု NTDF ဒုတိယ တာဝန်ခံ ဦးမုတ်ဆိတ်က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရှိရသည်။