30 C
Yangon

ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးသွားကြောင်း ခင်ဦးမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည် ။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်အချိန် ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် တိုင်တိုင်လာရောက် ကျဲချခဲ့ကြောင်း၊ အဆိုပါစာသင်ကျောင်းမှာ ယာယီဆေးကုသခန်းအဖြစ် နေမကောင်းသည့်လူနာများနှင့် ဆေးဝါးကုသမှုအနီးကပ်လိုအပ်နေသော လူနာများကို ဆေးကုသပေးနေသည့် နေရာဖြစ်ကြောင်း၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လူနာ ၃ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

“သူတို့က စာသင်ကျောင်းကို ဗုံးလာကျဲတာ။ ပထမတစ်ကြိမ်ကျဲပြီးတော့ နောက်တစ်ခါ လှည့်ပျံလာပြီး ထပ်ကျဲတယ်။ စုစုပေါင်း ၃ ဦးသေဆုံးတယ်။ အဲဒီမှာက ဆေးကုသမှုခံယူနေရတဲ့ လူနာတွေကိုထားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်” ဟု ခင်ဦးမြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ခင်ဦးမြို့နယ်သို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ ဆိုသလို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ၊ နေအိမ်နှင့် ပြည်သူပိုင်ပစ္စည်းများ ဆုံးရှုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ စုဝေးခိုလှုံ‌နေသော ကုန်းကြီးကျေးရွာ စာသင်ကျာင်းနှင့် အနီးကပ်လျှက်ရှိ ဆီခြံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ Star linkဆိုင်၊ ထမင်း/စားဖွယ်စုံနှင့် ဆိုင်ခန်းများ၊ အကြမ်းဖက် စစ်တပ် (စကမ) ဘက်မှ လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများနှင့် ဆီဘောက်ဆာ ကားတို့ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ (၉)ဦးခန့် သေဆုံးကာ ၁၀ ဦးအထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၅ ရက်နေ့ ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ပြည်သူ ၃ ဦးသေဆုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article