ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်များက အရွယ်မရောက်သေးသော အခြေခံပညာကျောင်းသား ကျောင်းသူများကို စစ်သင်တန်းတက်ရန် ခြိမ်းခြောက် ဖိအားပေးနေကြောင်း ဒေသပြည်သူများနှင့် အင်းတော်ကြီးအခြေစိုက် ကင်းထောက် သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အင်တော်ကြီးဒေသ၊ မိုင်းနောင်၊ ဘိုတဲကုန်းကျေးရွာ အပါ အဝင် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ရှမ်းနီ ပြည်သူ့စစ် SNA များက စစ်သားစုဆောင်းရေး လုပ်ဆောင်လာပြီး အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ ကျောင်းသားကျောင်းသူများကို စားမေးပွဲပြီးပါ စစ်သင်တန်းတက်ရောက်ရန် လက်မှတ်ရေးခိုင်းနေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ SNA က စစ်မှုထမ်းစုဆောင်းရေးအဖြစ် အရွယ်မရောက်သေးသော အခြေခံပညာကျော်ငးသားကျောင်းသူများကို စစ်သင်တန်းတက်ခိုင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် အမာခံများက ဦးဆောင်ပါဝင်နေကြောင်း သိရှိရသည်။
“မိုင်းနောင်ရွာ၊ ဘိုတဲကုန်းရွာ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်နဲ့အတူ ဦးသန်းစိန်၊ ဦးကျော်ဝင်း၊ မြန္ဒာ ရပ်ကွက်နေ ဦးပြူးမောင်၊ ဦးထွန်းမြင့်၊ ဦးသဲကို၊ ဦးကံမောင်၊ ဦးဖုန်းကျော်၊ ရွာမ ရပ်ကွက်နေသူ ဦးကျော်ဝင်း၊ ဦးဆန်းဝင်း၊ ဆင်ဖြူကုန်း ရပ်ကွက်နေသူ ဦးအောင်ဝင်းတို့က အင်းတော်ကြီး ဒေသမှာရှိတဲ့ Grade 8၊ 9၊ 10 ၊ 11 ကျောင်းသားကျောင်းသူတွေနဲ့ အစိုးရဝန်ထမ်း လူပျို ၊အပျိုတွေကို စာမေးပွဲပြီးသွားရင် SNA စစ်သင်တန်း တက်ရောက်ဖို့ အတင်းဓမ္မ လက်မှတ်ထိုးခိုင်းနေတာပါ” ဟု အင်းတော်ကြီးဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် အင်းတော်ကြီးဒေသ ၊ ရွာမရပ်ကွက်ရှိ ဦးကျော်ဝင်းနေအိမ်တွင် စစ်တပ်လက်အောက်ခံ SNA က လူသစ်များ စုဆောင်းကြောင်း၊ ယင်းနောက် လူသစ်များကို စုဆောင်းပြီး နန့်မွန်းမြို့သို့ ထွက်ခွာသွားကြောင်း၊ လူသစ်များကို တပ်သားသစ်များအဖြစ် နန့်မွန်းမြို့တွင် စစ်သင်တန်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မိုင်းနောင်ရွာ ဘိုတဲကုန်း ရပ်ကွက်မှ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်၏ နေအိမ်တွင် စစ်တပ်လက်အောက်ခံ SNA တပ်အတွင်းသို့ တစ်အိမ်လျှင် တစ်ဦး မဝင်မနေရ ဝင်ရမည်ဟုဆိုကာ လက်မှတ်ရေးထိုး လူသစ်စုဆောင်းကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်လက်အောက်ခံ ရှမ်းနီSNA နှင့် အဆင်ပြေသော မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့် ဦးပြူးမောင် လုပ်ငန်း ရှင် ဒေါ်လွန်းငယ်တို့က SNA ခေါင်းဆောင် ကျော်အောင် တို့ ပူးပေါင်း၍ မိုင်းနောင်ရွာ ခေါင်းတုံးချောင်း၊ ကန်ဘောင်မြေ၊ ဇရပ်မြေ၊ သင်္ချိုင်းမြေ၊ သစ်တောမြေနှင့် အိမ်ယာခြံမြေ များတွင်လည်း ရွှေတူးဖော်ခြင်း လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်နေကြောင်း သိရှိရသည်။
ထိုမျှသာမက အင်းတော်ကြီး၊ မိုင်းနောင်ရွာ လုံးတုံရွာ နန့်မွန်းမြို့မှ စစ်ရှောင်နေသော လူမနေသည့် အိမ်များကိုလည်း ရှမ်းနီပြည်သူ့စစ်များနှင့်အတူ အလိုတူ အလိုပါများက ဖောက်ထွင်း ဖျက်ဆီးပြီး တန်ဖိုးရှိသော ပစ္စည်းများကို လုယက်ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရှိရသည်။




