ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်၍ ကော်သူးလေ တည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပြီး အသုံးပြုကိုင်စွဲပြဌာန်းမည့် “ကော်သူးလေချာတာ” ကိုလည်း အသိပေး တင်ပြဆွေးနွေးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ (Karen National Consultation) ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကရင်အမျိုးသားအစည်းအရုံး (ကော်သူးလေ) အုပ်ချုပ်နယ်မြေအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲကို နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးဗဟို၊ ခရိုင်ခေါင်းဆောင်များ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ဗိုလ်တပ်မှူးများ နှင့် အထူးဖိတ်ကြားထားသော ခေါင်းဆောင် ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေသုံးသပ်တင်ပြခြင်းနှင့် ကော်သူးလေ တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တည်ဆောက်မှုများ နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ် (KNU Representatives) များ ခန့်အပ်ထားရှိနိုင်ရေး ကိစ္စရပ်များ၊ ပြည်တွင်း နေရပ်စွန့်ခွာ လှည့်လည်ပုန်းအောင်းထွက်ပြေးတိမ်းရှောင်နေကြရသော (IDPs) များနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသ တွင်း ပေါ်ပေါက်လာနေသော ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ စသည့်အကြောင်းအရာများ တို့ကို ဆန်းစစ်သုံးသပ်မှု များပြုလုပ်၍ နှီးနှောဖလှယ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နှီးနှောဖလှယ်ပွဲတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးရပ်တည်ချက်များ၊ လုပ်ငန်းစဉ်များ၊ ကော်သူးလေ တည်ဆောက်ရေးအတွက် အသုံးပြုကိုင်စွဲပြဌာန်းမည့် “ကော်သူးလေချာတာ” ကို အသိပေးရှင်းလင်းချပြခြင်းနှင့် ကော်သူးလေ အတွင်းမှီတင်းနေထိုင်ကြသည့် အခြားလူမျိုးများကိုယ်စားပြုမှုပါဝင်သည့် ကော်သူးလေတည်ဆောက်ရေးတရားဝင်မှု၊ ကော်သူးလေ တည်ဆောက်မှုတွင် ကျင့်သုံးအကောင်အထည်ဖော်မည့် ကော်သူးလေအုပ်ချုပ်ရေးစနစ် နှင့် ပြည်သူ့ ရေးရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ စစ်ရေးဆိုင်ရာလိုအပ်ချက်များ၊ ကရင်အမျိုးသားတို့၏ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို ထိခိုက်လာစေမည့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများအပေါ်တိုက်ဖျက်ရေးနှင့်ကိုင်တွယ်မှုများ တို့ကို အသိပေး ရှင်းလင်းချပြခဲ့ပြီး ကရင်အမျိုးသမီးအစည်းအရုံးနှင့် ကရင်လူငယ်အစည်းအရုံးတို့မှလည်း ကော်သူးလေတည်ဆောက် ရေးလုပ်ငန်းစဉ်တို့တွင် ၄င်းတို့ဆောင်ရွက်နေကြသော လုပ်ငန်းစဉ် နှင့်ပါဝင်မှုများတို့ကို ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ကရင်အဖွဲ့အစည်း အသီးသီးကလည်း ၎င်းတို့ ကြိုးပမ်းဆောင်ရွက် လုပ်ဆောင် နေသော ကရင်အမျိုးသားရေးဆိုင်ရာ လုပ်ငန်းစဉ်များတို့ကို အသိပေးတင်ပြဆွေးနွေးမှုများအပေါ်သက်ဆိုင်ရာ အကြောင်းအရာများအလိုက် အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ကော်သူးလေ တည်ဆောက်ခြင်းကို လက်ခံကာ နိုင်ငံရေးအရ ကြုံတွေ့နေရသည့် စိန်ခေါ်ချက်နှင့် အကြံပြုချက်များတို့ကို ပေးခဲ့ကြောင်း သိရှိရသည်။
ကော်သူးလေ အုပ်ချုပ်ရေးစနစ်အားကောင်းခိုင်မာလာရေးနှင့် စနစ်တကျဖြင့် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာရေး အတွက် အုပ်ချုပ်ရေးဆိုင်ရာလိုအပ်နေသာ လူ့အရင်းအမြစ်ရရှိရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း၊ စစ်ရေးဆိုင်ရာ လိုအပ်ချက်များတို့ကိုလည်း တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီသွားရန် နှင့် မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးတို့ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှတဆင့် နေရာဒေသအသီးသီးတို့တွင် ရောက်ရှိနေထိုင်ကြသော ကရင်အမျိုးသားအဖွဲ့အစည်းတို့ သည် နိုင်ငံရေး၊ လုံခြုံရေး/စစ်ရေး၊ အုပ်ချုပ်ရေး ပိုမိုစနစ်ကျအားကောင်းလာစေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး၊ ကရင်အမျိုးသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ ပကတိအခက်အခဲနှင့်စိန်ခေါ်မှုများပတ်သက်ပြီး သတင်းအချက် အလက်များ ပိုမိုသေချာစွာ နားလည်သိရှိခွင့် ရခဲ့ကြသည်။ ထိုမှတဆင့် တက်ရောက်လာကြသူများသည် ကရင်အမျိုးသား တော်လှန် ရေး ရည်မှန်းချက်များ လျင်မြန်စွာ ပြည့်မှီရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျရာတာဝန်များကို တတ်ကျွမ်းနားလည်သည့် ဖက်မှ တာဝန်ယူ ပူးပေါင်းပါဝင် လုပ်ဆောင်သွားကြရန် သဘောထားဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် ကရင်အမျိုးသားအချင်းချင်းကြား ပိုမိုသိရှိနားလည်လာနိုင် သည့် အခွင့်အရေးများနှင့် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများတို့ကို ဖြစ်ပေါ်စေသည့်အတွက် လာမည့်နှစ်များတွင် လည်း နေရာဒေသအသီးသီးရှိ ကရင်အမျိုးသားအဖွဲ့အစည်းများ ပိုမိုပါဝင်လာမှုကို လမ်းဖွင့်ထားပြီး နှစ်စဉ်ပုံမှန် ပြုလုပ်ကျင်းပ သွားရန် သဘောထားရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။




