ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ မတိုင်မီ သမ္မတ၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခြင်းများ ဆောင်ရွက်ပြီး အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ယမန်နေ့ မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် တွေ့ဆုံအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများ သည် ချောမွေ့စွာ ပြီးဆုံးခဲ့ကြောငး၊ သင်္ကြန်ကာလမတိုင်မီ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရကြောင်း၊ အစိုးရသစ် ဖွဲ့စည်းပြီးနောက် လွှတ်တော်ခေါ်ယူခြင်း၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို ခန့်အပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ အာဏာခွဲဝေမှု (Decentralization) ကို ပိုမိုလုပ်ဆောင်သွားရန် ရည်မှန်းထားသည်ဟု ပြောဆိုကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသအဆင့် ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာစေရန် လိုအပ်ပါက ကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဆက်လက်ပြောဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်စလုံးကို ဆွေးနွေးရန် တိုက်တွန်းနှိုးဆော်နေခြင်းမျိုး မဟုတ်ဘဲ မြန်မာ နိုင်ငံ၏ ပြည်တွင်းပြန်လည်သင့်မြတ်ရေးမှာ ပြည်တွင်းအင်အားစုများ၏ စတင်မှုအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသော အင် အား စုများ အပါအဝင် အတိုက်အခံအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း၊ ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ကြီးအကြား ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ‘ပေါင်းကူးတံတား’ အဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိသော်လည်း မြန်မာဘက်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြသရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသည်။
မြန်မာစစ်တပ်အနေဖြင့် တိုက်ခိုက်မှုများ လျှော့ချခြင်း၊ လူသားချင်းစာနာမှု အကူအညီများ ခွင့်ပြုခြင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှု ကန့်သတ်ခြင်းစသည့် လက်တွေ့ကျသော ခြေလှမ်းများရှိမှသာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အပြုသဘောဆောင်သည့် အချက်ပြမှုများ ဖြစ်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်အရ သိရှိရသည်။
ယင်းအပြင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) များ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ ထို့ပြင် မြစ်ချောင်းများ ညစ်ညမ်းမှုဖြေရှင်းရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
နှစ်နိုင်ငံစီးပွားရေးကဏ္ဍတွင် မဲဆောက်-မြဝတီ အပါအဝင် အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အာရှလမ်းမကြီး ပြုပြင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုင်းပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေဆဲဖြစ်သော်လည်း ငွေလဲလှယ်နှုန်းနှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများ ရှိနေသည့်အတွက် ဘတ်-ကျပ် တိုက်ရိုက်ကုန်သွယ်မှုနှင့် စျေးကွက်ပေါက်စျေးအတိုင်း လိုက်လျောညီထွေဖြစ်စေမည့် အစီအမံများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။




