ရန်ကုန်၊ ဧပြီ ၁၄
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်နှင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တို့တွင် ဧပြီလဆန်းပိုင်းမှ သင်္ကြန်ကာလ ဧပြီလ ၁၃ ရက် နေ့အထိ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များ၊ ဒေသပြည်သူများနှင့် ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ရွာနေလူငယ်များနှင့် လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် အနည်းဆုံး လူငယ် ၁၇ ဦးခန့် ဖမ်းဆီးခံထားရကြောင်း Voice Of Wundwin အဖွဲ့ထံမှ သိရှိရသည်။
ဧပြီလ ၉ ရက်နှင့် ဧပြီလ ၁၁ ရက်နေ့များတွင် အကြမ်းဖက်စစ်သားများသည် Four Wheel ကားနှစ်စီးဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာနှင့် မိတ္ထီလာ-ပင်းတလဲ လမ်းတစ်လျှောက်တွင် လှည့်လည်ကာ လမ်းသွားလမ်းလာ လူငယ်များသာမက ဈေးကားပေါ်တွင် ပါလာသည့် လူငယ်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးမှုများကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျောင်းကုန်း၊ ရွာသစ်၊ ပြည်တော်သာ၊ သစ်ပလွေကန်၊ ဒါးလှနှင့် သီကုန်းကျေးရွာများမှ အမျိုးသားများသည် ရွာထဲတွင် မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။
Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဧပြီလ ၁၁ ရက်နေ့တုန်းက ရွာ ၆ ရွာက လူငယ်တွေကို စစ်တပ်က နေအိမ်ပေါ်အထိ တက်ဖမ်းတာပါ။ လမ်းပေါ်မှာလည်း တွေ့သမျှလူကို အကုန်ဖမ်းပါတယ်။ ဧပြီလ ၉ ရက်နေ့ကလည်း သီကုန်းရွာက လူငယ် ၂ ယောက် ပါသွားတယ်။ မနေ့ကတော့ မိဘတွေက လိုက်လံရွေးချယ်နေကြတယ်၊ ၂ ယောက်လောက် ပြန်လွတ်လာပေမဲ့ ငွေဘယ်လောက် ပေးလိုက်ရလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြောကြားသည်။
အလားတူပင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အောက်ပိုင်းတွင်လည်း ဧပြီလ ၉ ရက် နေ့မှစ၍ ဝင်းဝတံတားအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်များနှင့် ဆိုင်ကယ် အစီးရေ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် လူငယ်များကို ငွေဖြင့် ပြန်လည်ရွေးယူခိုင်းနေကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် ဝင်းဝ၊ သဲချောင်းသား၊ မင်းဒပ်၊ စုံစင်၊ ချောင်းဝပြင်၊ ရေချိုချောင်း အပါအဝင် ကျေးရွာပေါင်း ၁၇ ရွာခန့်မှ လမ်းသွားလမ်းလာများ ဖြစ်ကြသည်။
ဒေသခံပြည်သူတစ်ဦးက “ကျွန်တော်တို့ သိရသလောက်တော့ ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းသွားပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းနေတာတွေ ရှိပါတယ်။ ဆိုင်ကယ် အစီးရေ ၅၀ ကျော်လောက် ရှိမယ်။ စစ်တပ်စစ်ကြောင်း သွားရာ လမ်းတစ်လျှောက်မှာ တွေ့သမျှ ဆိုင်ကယ်တွေကို ဖမ်းခေါ်သွားတာပါ” ဟု ပြောပြသည်။
အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများသည် ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) အထိ ဆက် တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံလူငယ်များနှင့် ပြည်သူများမှာ အထူးစိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခု ဧပြီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၄ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။




