37 C
Yangon

ဖလမ်းမြို့ စစ်တပ်လက်အောက်သို့ ပြန်လည်မကျရောက်စေရန် မဟာမိတ်များနှင့်အတူ လက်တွဲကာ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တွန်းလှန်နေဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြော

Must read

ရန်ကုန်၊ ဧပြီ ၁၄

ချင်းပြည်နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် သိမ်းပိုက်ရရှိထားသော ဖလမ်းမြို့အား အကြမ်းဖက်စစ်ကောင် စီတပ်လက်သို့ ပြန်လည်မကျရောက်စေရန်အတွက် မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ၍ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံကာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်သော CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်၌ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကို ဆက် လက်ထိန်းသိမ်းသွားမည့်အခြေအနေနှင့် ရှေ့ဆက်မည့် တော်လှန်ရေးလမ်း စဉ်များကို အခုလို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို တွန်းလှန်ရန် နွေဦးတော်လှန်ရေးနှင့်အတူ သန္ဓေတည်လာခဲ့သော CNO/CNDF သည် ယနေ့တွင် ၅ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဤငါးနှစ်တာကာလအတွင်း စစ်ရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခဲ့ရပြီး ချင်းညီနောင် (Chin Brotherhood) နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ ခိုင်မာသော စည်းလုံးညီညွတ်မှုကြောင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းမှာ အမျိုးသားရေးအတွက် အကြီးမားဆုံးသော မှတ်ကျောက်တင် အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ဆိုသည်။

ယခုအချိန်သည် ရရှိထားသော အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့အား ရန်သူ့လက်သို့ ပြန်လည်မကျရောက်စေရန် မဟာမိတ်များနှင့်အတူ လက်တွဲကာ အဆုံးအဖြတ်ပေးရမည့် ကာလဖြစ်ကြောင်း CNO/CNDF က အလေးအနက် ပြောကြားထားသည်။ မိမိတို့၏ ရဲဘော်များသည် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ပြည်သူနှင့်အတူ နောက်ဆုံးပန်းတိုင်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းလည်း အတည်ပြုထားသည်။

ယခုကဲ့သို့ အောင်မြင်မှုများရရှိရန်အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာများတွင် အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့ကြသော အာရကန်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရှိ ပံ့ပိုးကူညီသူများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုထားသည်။

CNO/CNDF အနေဖြင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးတိုင်ချေမှုန်းပြီး ချင်းပြည်သူများ လိုလားတောင့်တသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) ၏ လမ်းစဉ်အတိုင်း တော်လှန်ရေးမဟာမိတ်များနှင့်အတူ အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ သန္နိဌာန်ပြု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article