ရန်ကုန်၊ ဇူလိုင် ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ရေနံကျင်း ၁၀၀ ကျော်၊ နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားသောကြောင့် ငွေကြေး သိန်း ၇ ထောင်ကျော် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ နေအိမ် ၇ လုံး ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို ရွာလုံးကျွတ် ခိုးယူ လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။
” ရေနံကျင်းက ၁၀၀ ကျော်လောက် မီးရှို့ဖျက်ဆီးခံရတယ်။ ပြည်သူပိုင် နေအိမ်က ၇ လုံး မီးရှို့ဖျက်ဆီးခံရတယ်။ နောက်ပြီး ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ရွာလုံးကျွတ်ကို ခိုးယူသွားတာ ပျက်စီး ဆုံးရှုံးမှု စာရင်း ပြန်တွက်ကြည့်တော့ အားလုံးပေါင်း သိန်း ၇ ထောင် ကျော်လောက်ရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။