ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာများကို စစ်ကြောင်းထိုးနေကာ ပြည်သူများကို ဆက်လက် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တောင်သာမြို့နယ်၊ နန်းမြင့်တောင်ရှိ အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုအတွင်း ပြည်ပိုင် နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် မြေပြင် စစ်ကြောင်းကလည်း ယနေ့ နံနက်ပိုင်းတွင် ဘုရားလှရွာမှ မြင်းခြံ သံမဏိသို့ ဝင်ရောက်သွားပြီးနောက် ပြန်လည် ထွက်ခွာလာကာ နှမ်းရွာမှ တဆင့် စံဦးရွာဝင်ရောက်ပြီး မြင်းခြံ-တောင်သာလမ်းပိုင်းကို ဖြတ်ကူးရန် လုပ်ဆောင်နေကြောင်း၊ ထိုစစ်ကြောင်းသည် မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့မှာတော့ နန်းမြင့်တောင်မှာရှိတဲ့ စစ်ခွေးတွေက တောင်သာမြို့နယ်၊ အရှေ့ခြမ်းက ရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်တယ်။ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ် ၁ လုံးတော့ ဒရုန်းမှန်ပြီး ပျက်စီးသွားတယ်လို့ သိရတယ်။ အဲစစ်ခွေးတွေက ရွာတွေကိုလည်း ဆက်ပြီး စစ်ကြောင်းထိုးနေတယ်။ သူတို့ ဖမ်းဆီးထားတဲ့ ပြည်သူတွေလည်း ပြန်ပြီး မလွတ်သေးဘူးလို့တော့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ပေါ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်သဲကျင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ညောင်ဒိုရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲနေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ညောင်ဒိုရွာရှိ ကျန်ရှိနေသော နေအိမ်များကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ခြုံကြီးရွာမှ ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ဆင်တဲဝချောင်းကို ဖြတ်ကူးပြီး ဘုရားလှရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ ညောင်ဒိုရွာ၊ ခြုံကြီးရွာ၊ ရားလှရွာ၊ ရွာလေးရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့သော ပဲခင်းကျော်ကျေးရွာ။





