30 C
Yangon

မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး မြန်မာစစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ လူသားမိုင်းရှာစက်အဖြစ် အသုံးပြုနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine and Cluster Munition Monitor ၏ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး ၎င်းပမာဏသည် တစ်ကမ္ဘာလုံးတွင် အများဆုံးဖြစ်ကြောင်း Landmine and Cluster Munition Monitor က ပြောဆိုသည်။

၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်က ထိခိုက်သူ ၁,၀၀၃ ဦး ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် နှစ်ဆ (၁၀၀ ရာခိုင်နှုန်း) အထိ မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က ၅၄၅ ဦးသာ ရှိခဲ့သဖြင့် နှစ်စဉ် ထိခိုက်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာခြင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအနှံ့ ပြန့်နှံ့လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ဆိုသည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူများ၏ ၈၆ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး သေဆုံး/ဒဏ်ရာရသူ သုံးပုံနှစ်ပုံမှာ လူသတ်မိုင်း (Antipersonnel mines) များကြောင့် ဖြစ်ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်မှစ၍ စာရင်းကောက်ယူခဲ့ရာတွင် အနည်းဆုံး ၉,၂၀၆ ဦး ထိခိုက်ခဲ့သော်လည်း ပဋိပက္ခဒေသများ၌ သတင်းပို့ရန် ခက်ခဲခြင်းကြောင့် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၁၁ မြို့နယ် (ပြည်နယ်နှင့် တိုင်းအားလုံး) တွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေကြောင်း၊ အထူးသဖြင့် စစ်ကောင်စီတပ်များက အရပ်သားများကို ရှေ့တန်းမှ လမ်းပြအဖြစ် ခေါ်ဆောင်ကာ “လူသားမိုင်းရှာစက်” အဖြစ် အသုံးပြုနေသည့် လုပ်ရပ်များမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty) တွင် ပါဝင်ခြင်း မရှိသေးသကဲ့သို့ မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်ခွင့် မရရှိသေးပေ။

ထို့ပြင် ကျန်းမာရေးဌာနများ တိုက်ခိုက်ခံရခြင်းနှင့် တိုက်ပွဲများကြောင့် မိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်ကုသမှုနှင့် ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုများမှာလည်း သိသိသာသာ ဆိုးရွားလာနေကြောင်း သိရသည်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် “မြေမြှုပ်မိုင်းများ ပြန့်ကျဲနေသည့် နိုင်ငံ” ဖြစ်လာပြီး ရေရှည်တွင် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ကြီးမားစွာ ခံစားရနိုင်ကြောင်း သတိပေးထားသည်။

ဓာတ်ပုံ- ရခိုင်တွင် မိုင်းပေါက်ကွဲမှု တစ်ခုကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကော်မရှင်အဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article