30 C
Yangon

ကျန်းမာရေးဝန်ကြီးဌာနက အီးစီးကရက်နှင့် Vape များကို စတင်ပိတ်ပင်လိုက်သော် လည်း စစ်တပ်အနွယ်ဝင်များ ဖွင့်လှစ်ထားသော ကလပ်၊ ဘားနှင့် KTV များတွင် ဆက်လက်သုံးစွဲခွင့်ပြုထားပြီး မူးယစ်ဆေးဝါးများပါ လိုသလောက်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် Vape နှင့် အီးစီးကရက်များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကာ တင်းကျပ်စွာ ပိတ်ပင်လိုက်သော်လည်း လက်တွေ့မြေပြင်တွင် စစ်တပ်အသိုင်းအ၀ိုင်းက ဖွင့်လှစ်ထားသော အပန်း ဖြေနေရာများတွင်မူ Vape နှင့် အီးစီးကရက်များသာမက မူးယစ်ဆေးဝါးများကိုပါ အကာအကွယ်အပြည့်ဖြင့် ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်စွဲပါ အမိန့်အမှတ် ၂ / ၂၀၂၆ ဖြင့် Vape ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ချက်ချင်းလက်ငင်း တားမြစ်ပိတ်ပင်ခဲ့သည်။

သို့ရာတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ စစ်တပ်အသိုင်းအ၀ိုင်းနှင့် ဆက်နွယ်နေသူများ ပိုင်ဆိုင်သည့် နာမည်ကြီး ကလပ်များဖြစ်သော Transporter ၊ Arena ၊ Pioneer နှင့် အချို့သော KTV များတွင် ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားသည့် Vape များသာမကဘဲ Happy Water ၊ K (Ketamine)၊ E (Ecstasy) စသည့် မူးယစ်ဆေးဝါးများကိုပါ ပေါ်ပေါ်ထင်ထင် ဖြန့်ဖြူးရောင်းချ သုံးစွဲနေကြသည်။

“Vape က တော့ သူတို့ ပိတ်ပင်တယ်သာ ပြောတာပါ။ ကလပ်တွေ၊ ဘားတွေနဲ့ KTV တွေမှာ အခုထက်ထိရနေပါတယ်။ ဥပမာ Transporter ၊ Arena ၊ Pioneer မှာဆိုရင် Vape တင်မဟုတ်ဘူး။ မူးယစ်ဆေးဝါးတွေဖြစ်တဲ့ Happy Water ၊ K (Ketamine)၊ E (Ecstasy) အကုန်ရတယ်။ အဲဒါတွေက စစ်တပ်အသိုင်းအ၀ိုင်းက လူတွေနဲ့ပတ်သက်တဲ့ နေရာတွေဆိုတော့ ဘယ်ရဲမှလည်း မဖမ်းဘူး။ စစ်လည်း မစစ်ဘူး။ ၂၄ နာရီ ကဲနေကြတာ” ဟု ရန်ကုန်မြို့မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

မူးယစ်ဆေးဝါးနှင့် Vape များ ရရှိနေသော ကလပ်နှင့် ဘား၊ KTV များသို့ အများဆုံး လာရောက်ကြသူများတွင် ငွေကြေးချမ်းသာသော အသိုင်းအ၀ိုင်းများမှ လူငယ်များနှင့် စစ်တပ်အသိုင်းအ၀ိုင်းဆက်စပ် လူငယ်များဖြစ်ကြောင်း၊ ထို့ကြောင့် တပ်အသိုင်းအဝိုင်းက ဖွင့်လှစ်ထားသော အပန်းဖြေနေရာများတွင် တပ်နှင့်ဆက်နွယ်နေသော လူငယ်များ လာရောက် ပျော်ပါး မူးယစ်ဆေးဝါးသုံးစွဲကြခြင်းဖြစ်၍ မည်သည့်ရဲနှင့် စစ်တပ်ကမှ ဖမ်းဆီးခြင်းမပြုနိုင်ကြောင်း သိရှိရသည်။

“ပုံမှန်ဆိုရင်တော့ အပြင်က လုပ်ငန်းရှင်ဆိုရင် နယ်မြေတပ်နယ်မှူးနဲ့ ရဲတွေကို လိုင်းကြေးပေးဖွင့်ရတာ။ အခု ရန်ကုန်မှာရှိတဲ့ ကလပ်နဲ့ ဘားတော်တော်များများက တပ်အသိုင်းအ၀ိုင်းနဲ့ အချိတ်အဆက် လုပ်ထားကြတော့ လိုင်းကြေး ရဲကြေး ဆိုတာထက် သူတို့ ပိုင်ဆိုင်တဲ့ လူကြီးကို သွားပြီး ဂါထားကြတာ” ဟု ရန်ကုန်မှ DJ ဂီတဝါသနာရှင်လူငယ် တစ်ဦးက ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အီလက်ထရောနစ်အငွေ့ရှူစက် (Vape) နှင့် ဆက်စပ်ပစ္စည်းများကို မည်သူမဆို တင်သွင်းခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းပြုလုပ်ပါက “မရှိမဖြစ်ထောက်ပံ့ရေးပစ္စည်းနှင့် ဝန်ဆောင်မှုဥပဒေ” (၂၀၁၂) အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထောင်ဒဏ် အနည်းဆုံး ၆ လ မှ အများဆုံး ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ် အများဆုံး ကျပ် ၅ သိန်းအထိလည်းကောင်း၊ ဒဏ် နှစ်ရပ်စလုံးကိုလည်းကောင်း ချမှတ်နိုင်ကြောင်း သိရှိရသည်။

အီးစီးကရက် ခေါ် Vape သည် ဆေးလိပ်ကဲ့သို့ပင် အဆုတ်ကို ထိခိုက်စေရုံသာမက ကင်ဆာရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေများပြီး နီကိုတင်း၊ နီကယ်၊ သံဖြူ နှင့် ခဲသား စသည့် အန္တရာယ်ရှိသော ဓာတု ပစ္စည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

WHO ၏ စစ်တမ်းအရလည်း ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ၏ Vape အသုံးပြုမှုမှာ လူကြီးများထက် ၉ ဆအထိ ပိုမိုမြင့်မားနေကြောင်း သိရသည်။

သို့သော် လက်တွေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ တားမြစ်မိန့်သည် သာမန်အရပ်သားများ ပိုင်ဆိုင်သော ဆိုင်နှင့် KTV များကိုသာ ပစ်မှတ်ထားနေပြီး မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးရာ နေရာဖြစ်သည့် စစ်တပ်အသိုင်းအဝိုင်းနှင့်ဆက်နွယ်နေသော ဖျော်ဖြေရေးနေရာများမှာ လွတ်လပ်စွာပင် ဆက်လက် လုပ်ငန်းလည်ပတ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ Transporter နိုက်ကလပ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article