ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည် အကျဉ်းထောင်ရှေ့တွင် လမ်းမှားပြီး ဝင်လာသည့် ခရီးသည်တင်ကားကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ယာဉ်မောင်း ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာအခြေစိုက် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်း မုံရွာမြို့ပေါ်ရှိ သာစည် အကျဉ်းထောင်ရှေ့တွင် ခရီးသည် ၄ ဦး နှင့် ယာဉ်မောင်း ၂ ဦး လိုက်ပါလာသော ဗန်းမော်- မုံရွာ ပြေးဆွဲနေသော ခရီးသည်တင်ကားမှာ သမုန်းကုန်းလမ်းခွဲမှ ပေါက်ငယ်တောအတက်သို့ မြောက်မှ တောင်သို့ လမ်းမှားပြီး ဝင်ရောက်လာစဉ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ပစ်ခတ်တိုက်ခိုက်မှုအတွင်း ခရီးသည်တင်ကားမှ ယာဉ်မောင်းမှာ ကျည်ထိမှန်ကာ ပွဲချင်ပြီးသေဆုံးခဲ့ကြောင်း၊ ကားမှန်ကိုလည်း စစ်သားများက သေနတ်ဒင်ဖြင့် ရိုက်ခွဲသွားကြောင်း၊ သေဆုံးသွားသော ယာဉ်မောင်းမှာဆားလင်းကြီးမြို့နယ်မှဖြစကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ပစ်ခတ်တိုက်ခိုက်လို့ ယာဉ်မောင်း ပြည်သူ ၁ ဦးသေဆုံးသွားတယ်။ သေဆုံးသွားတဲ့သူရဲ့ အသက်အရွယ် မသိရသေးဘူး။ သေဆုံးသွားတဲ့ ယာဉ်မောင်းရဲ့ အမည်နဲ့ အသက်အရွယ်ကိုတော့ မသိရဘူး။ ယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကိုတော့ စစ်ခွေးတွေက ဖမ်းဆီးစစ်ဆေးတာတွေ လုပ်တယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းနောက် စစ်တပ်က ကားကို ကရိန်းဖြင့် ဆွဲယူသွားကြောင်း၊ သေဆုံးသွားသော ယာဉ်မောင်း၏ အလောင်းကိုမူ မုံရွာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။






