ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
အကြမ်းဖက်စစ်တပ် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ကြံ့ဖွတ်ပါတီက ဦးဆောင် မည့် အစိုးရသစ်ဖွဲ့စည်းရန်အတွက် လွှတ်တော်များကို လာမည့် မတ်လလယ်ပိုင်းတွင် စတင်ခေါ်ယူထားကြောင်း အကြမ်းဖက်စစ်တပ်က ကြေညာလိုက်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ စစ်တပ်က ထုတ်ပြန်သော လွှတ်တော်ခေါ်ယူရေး ကြေညာချက်များတွင် ပြည်သူ့လွှတ်တော်ကို မတ် လ ၁၆ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်ကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် အောင်လင်းဒွေးကလည်းကောင်း အသီးသီးခေါ်ယူလိုက်သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေးများကို မတ်လ ၂၀ ရက်နေ့ ခေါ်ယူရန် အောင်လင်းဒွေးက အမိန့်ထုတ်ပြန်သည်။
လက်ရှိ စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်အမတ်နေရာ ၁၀၈ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး ကြံ့ဖွတ်ပါတီတစ်ခုတည်းဖြင့် အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်သူ့လွှတ်တော်အမတ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အမတ် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦး ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိနေခြင်းဖြစ်သည်။
လက်ရှိ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အတွက် သမ္မတ တင်မြှောက်ရမည်ဖြစ်ပြီး ကနဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတ ၁ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ၁ ဦး စုစုပေါင်း ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ရမည်ဖြစ် သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့ ၃ ခုက ရွေးချယ်လိုက်သော ဒုတိယသမ္မတ ၃ ဦးအနက်မှ သမ္မတ ၁ ဦးကို ရွေးချယ်ရမည်ဖြစ်သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် အရွေးချယ်ခံဖွယ်ရှိနေပြီး ကနဦးတွင် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်များအစုအဖွဲ့က ရွေးချယ်သော ဒုတိယသမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်းတင်သွင်းဖွယ်ရှိကြောင်း စစ်တပ်အတွင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။




