33 C
Yangon

မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာခဲ့သော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီ

Must read

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄

အကြမ်းဖက် စစ်တပ် အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် သံရုံးများ ပိတ်သိမ်းမည်ဟု ကြေညာထားသော ဥရောပ ၃ နိုင်ငံအနက်မှ ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို ယခု ဖေဖော်ဝါရီလကုန်တွင် တရားဝင် ပိတ်သိမ်းပြီဖြစ်ကြောင်း ရန်ကုန်ရှိ ဖင်လန်သံရုံးက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများ ဆိုးရွားလာခြင်းနှင့် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများကြောင့် ရန်ကုန်မြို့အခြေစိုက် ဖင်လန်၊ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံသံရုံး ၃ ရုံးစလုံးကို ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်ပိတ်သိမ်းရန် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြေညာခဲ့ပြီးနောက် ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံးကို တရားဝင် စတင်ပိတ်သိမ်းပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ဥရောပနိုင်ငံသံရုံး ၃ ရုံးအနက်မှ ဖင်လန်သံရုံးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ ဒိန်းမတ်သံရုံး: ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ နယ်သာလန်သံရုံးမှာမူ ကမ္ဘာတစ်ဝန်းရှိ သံရုံး ၁၁ ရုံး ပိတ်သိမ်းမည့် အစီအစဉ်တွင် မြန်မာနိုင်ငံသံရုံးလည်း ပါဝင်နေပြီး ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလကုန်တွင် ရန်ကုန်ရှိ ဖင်လန်သံရုံး ပိတ်သိမ်းမည်ဖြစ်သောကြောင့် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်များအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဗီဇာနှင့်သက်ဆိုင်သောဝန်ဆောင်မှုများအတွက် ရန်ကုန်ရှိ ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်ကြောင်း ရန်ကုန်ရှိ ဖင်လန်သံရုံးက ထုတ်ပြန်ကြေညာသည်။

ရန်ကုန်ရှိ သံရုံးပိတ်သိမ်းနှင့်ပတ်သက်၍ ဖင်လန်နိုင်ငံက နိုင်ငံရေးအခြေအနေနှင့် ကန့်သတ်ချက်များလာသည့် စီးပွားရေးဆက်ဆံရေးများကြောင့် ရန်ကုန်အပြင် ပါကစ္စတန်ရှိ အစ္စလာမာဘက်နှင့် အာဖဂန်နစ္စတန်ရှိ ကာဘူးလ်သံရုံးများကိုပါ ပိတ်သိမ်းရန် သမ္မတအမိန့်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ ဒိန်းမတ်သံရုံး ပိတ်သိမ်းရန်ရှိနေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ သိသိသာသာ ဆိုးရွားခဲ့ပြီး လက်ရှိတွင်လည်း ပြန်လည်ကောင်းမွန်လာမည့် အလားအလာ မရှိခြင်းကြောင့် အရင်းအမြစ်များကို အခြားနေရာများတွင် ပြန်လည်အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီရပ်စ်မူဆန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ရန်ကုန်ရှိ ဖင်လန်နိုင်ငံသံရုံး အပါအဝင် ဥရောပသံရုံးတချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article