26 C
Yangon

မုံရွာနှင့် မြိုင်မြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Monywa Dynamite – Special Task Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော သံပြားကာကား ၆ စီး၊ ကြေးနီတင်တွဲကား ၆ စီးနှင့် ၁၂ ဘီးကား ၂ စီး ပါဝင်သော ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက မုံရွာ-မန္တလေးလမ်းပိုင်းရှိ မအူဂိတ်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ၅ စီး မြောက်ကားကို ပဒေသာမိုင်းထိမှန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း သံပြားကာ ၁ စီးနှင့် ကြေးနီတင်တွဲကား ၂ စီးတို့ ထိုးရပ်သွား‌ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော သံပြားကာကား ၁ စီးနှင့် အိမ်စီးကား ၃ စီးပါ ယာဉ်တန်းက ရောက်ရှိလာပြီး ပွိုင့်-5 တပ်ဆင်ထားသည့် 4-Wheel ကား ၁ စီးက ရမ်းသမ်းပစ်ခတ်ကာ ထိခိုက်သေဆုံးသူများကို လာရောက် တင်ဆောင်သွားကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးသေဆုံးတာတော့ရှိနိုင်တယ်။ အထိခိုက်များတော့ ၃ ကောင်လောက်ရှိနိုင်တယ်။ ၃ ကောင်ကတော့ထပ်တိုး သေနိုင်တယ်ပေါ့။ မုံရွာမြို့ အဝင် မအူဂိတ်ကို ပြန်ဆုတ်သွားတယ်။ စစ်ခွေး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာမျိုးမရှိဘူး။ သံပြားကာ ၁ စီးပျက်စီးတယ်။ ကြေးနီတင်ကား ၂ စီးလဲ ပျက်စီးတယ်။ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကျပါလို့ပဲပြောချင်ပါတယ်” ဟု Monywa Dynamite – Special Task Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို GOLDEN TARGET FORCE.GTF ၊ BRAVE HEART ARMY-BHA ၊ MONYWA SPECIAL -ဒိတ်ဒိတ်ကြဲ-PDF ၊ တိုက်နယ်-၄-ပလဖ ၊ MONYWA DYNAMITE – STF ၊ AREA 71 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့များ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရန်အတွက် ခဲယမ်းမီးကျောက်များ လိုအပ်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါရန် Monywa Dynamite – Special Task Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော့ ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြိုင်မြို့နယ် လင်းကတော့ ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကြောင်း သိရသည်။

“မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကိုစစ်အင်အားလာဖြည့်လာတာကို ကျွန်တော်တို့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းကို လက်နက်ကြီးနဲ့ထုခဲ့တာပါ။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ခွေး ၅ကောင်သေတယ်။ ကျွန်တော်တို့ဘက်က နင်းမိုင်းကို ဒီကောင်တွေထဲက တစ်ကောင် နင်းမိပြီးပြန်အဆုတ်မှာ လက်နက်ငယ်တွေနဲ့ဝိုင်းပစ်လိုက်တာ ဒဏ်ရာတွေနဲ့ စခန်းပြန်ရောက်မှသေသွားတာပါ။ လက်နက်ကြီးအလုံး ၂၀ နဲ့လည်း ပစ်ခတ်ခဲ့တယ်။ စခန်းထဲကအင်အား၁၀၀ ကျော်လောက် စစ်ကြောင်းက ၁၅၀ လောက်၊ စုစုပေါင်း ၂၅၀ကျော် လောက်ရှိမယ်” ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ ၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့ ၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့ ၊ ကျားဆိုးလူငယ်တပ်ဖွဲ့ ၊ မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article