ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အထူးစိုးရိမ်ပူပန်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များအတွင်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် မိသားစုများ ခိုလှုံနေသော ကျေးရွာတစ်ရွာရှိ နေအိမ်များနှင့် လူစည်ကားရာ ဒေသန္တရဈေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့သည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကလေးငယ်များနှင့် အရပ်သားများသည် စစ်ဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရကြောင်း UNICEF က ထောက်ပြထားသည်။
“တိုက်ပွဲများကြောင့် ကလေးငယ်များ နေရပ်စွန့်ခွာ ထွက်ပြေးနေရုံသာမက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ဘေးကင်းလုံခြုံရေး စသည့် အရေးကြီးဝန်ဆောင်မှုများ ရရှိနိုင်ခွင့်ကိုပါ ဆုံးရှုံးစေ သည်” ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) ပါ တာဝန်ဝတ္တရားများကို လိုက်နာစောင့်ထိန်းရန် UNICEF က တိုက်တွန်းထားသည်။
“ကလေးငယ်များကို မည်သည့်အချိန်တွင်မဆို အကာအကွယ်ပေးရမည်” ဟု UNICEF က ပြောဆိုပြီး ပဋိပက္ခဒဏ်ခံစားနေရသော ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်ဆောင်ရွက်ပေးနေကြောင်း UNICEF က ထုတ်ပြန်ထားသည်။





