ရန်ကုန်၊ မတ် ၁
အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ အီရန်နိုင်ငံရှိ စစ်ရေးနှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ကျော်ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ခေါင်းဆောင်အဓိပတိ ခါမေနီ သေဆုံးဖွယ်ရှိသည့် လက္ခဏာများရှိနေဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု က ပြောကြားလိုက်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ဒီအာဏာရှင်ကြီး မရှိတော့ဘူး (Gone) ဆိုတဲ့ လက္ခဏာတွေ ပိုများလာနေပြီ” ဟု ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေးစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်အချို့ကလည်း ခါမေနီ သေဆုံးသွားနိုင်သည်ဟု ခန့်မှန်းနေကြသော်လည်း အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ယနေ့နံနက်ပိုင်း အစ္စရေးနှင့် အမေရိကန်တို့က အီရန်မြို့တော် တီဟီရန်ရှိ ခါမေနီ၏ ရုံးခန်းအနီးတစ်ဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့ သို့ သေဆုံးမှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ အစ္စရေးအရာရှိ၏ ပြောကြားချက်အရ ခါမေနီ၏ ရုပ်အလောင်းကို အတည်ပြုနိုင်ခဲ့ပြီဟု ဆိုသော်လည်း အီရန်အစိုးရဘက်မှမူ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သော ခါမေနီသည် အီရန်နိုင်ငံ၏ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အမြင့်ဆုံးအာဏာကို ဆယ်စုနှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ၎င်းကွယ်လွန်မှုသတင်းသည် အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးနှင့် နိုင်ငံရေးအခြေအနေကို ကြီးမားသော အလှည့်အပြောင်းဖြစ်စေမည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။
လက်ရှိတွင် တီဟီရန်မြို့တော်အတွင်း လုံခြုံရေးအစီအမံများကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ခါမေနီသည် “ဘေးကင်းရာတွင် ရှိနေသည်” ဟု ငြင်းဆိုထားသော်လည်း ခါမေနီကိုယ်တိုင် လူထုရှေ့သို့ ထွက်ပေါ်လာခြင်း မရှိသေးဘဲ ဆက်သွယ်မှု ပြတ်တောက်နေကြောင်း သတင်းများက ဆိုသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ပြည်သူများအနေဖြင့် ယခုအချိန်သည် “မျိုးဆက်တစ်ခုတွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေး” ဖြစ် ကြောင်း၊ လမ်းမပေါ်သို့ အစုလိုက်အပြုံလိုက် ထွက်လာကြပြီး အာဏာရှင်စနစ်ကို ဖြုတ်ချကြရန် တိုက်တွန်းခဲ့သည်။
အစ္စရေး၏ “Roaring Lion” နှင့် အမေရိကန်၏ “Operation Epic Fury” စစ် ဆင်ရေးအရ တယ်ဟီရန်၊ အစ္စဖာဟန် နှင့် ကွန်းမ် မြို့များရှိ နျူကလီးယားစခန်းများ၊ ဒုံးကျည်စခန်းများနှင့် IRGC စစ်ဌာနချုပ်များကို တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် အီရန်တွင် လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် အီရန်ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်အချို့ ပါဝင်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။
အီရန်ဘက်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့ရှိ အမေရိကန်စစ်စခန်းများ (ဘာရိန်း၊ ကာတာ၊ ယူအေအီး) ကို ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဒေသတွင်း စစ်မီးကူးစက်မည့် အခြေအနေသို့ ရောက်ရှိနေသည်။
အစ္စရေးနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် လုံခြုံရေးသတိပေးချက်များကို တိကျစွာလိုက်နာရန်နှင့် ဗုံးခိုကျင်းများအနီးတွင် နေထိုင်ကြရန် ညွှန်ကြားထားသည်။




