ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက် အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
“သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ ပျက်စီးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွန်မြတ်လှတဲ့ အမေရိကန်နိုင်ငံသားတွေရော၊ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက်ပါ တရားမျှတမှု ရရှိလိုက်တာပဲ ဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ဂျေ ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် အီရန်နိုင်ငံ၏ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသည့် အဆင့်မြင့်အရာရှိကြီး အတော်များများမှာလည်း ယခုအခါ မရှိတော့ကြောင်း (Gone) အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။
လက်ရှိ အခြေအနေမှာ အီရန်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကြီးမားစွာ ထိခိုက်သွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်ကလည်း ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးအတွင်း အီရန်၏ အဓိကစစ်ဘက်ခေါင်းဆောင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးနှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီးတို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် မည်သူဖြစ်လာနိုင်သနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍မူ သမ္မတထရမ့်က “ကျနော်လည်း မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ သူတို့ဘက်က ကျနော်ဆီ ဖုန်းဆက်ပြီး ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် သဘောကျသလဲဆိုတာ လာမေးကြပါလိမ့်မယ်” ဟု ပြောဆိုသည်။
အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် ယနေ့နံနက်ပိုင်းက အီရန်နိုင်ငံအတွင်း အစ္စရေး၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အစ္စရေးအရာရှိများကလည်း ရိုက်တာသတင်းဌာနနှင့် The Times of Israel သို့ အတည်ပြုပြောကြားသည်။
အစ္စရေး၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ် ရာတွင် ခါမေနီ၏ ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံအပျက်အစီးများကြားတွင် မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုသည် တီဟီရန်မြို့တော်အတွင်းရှိ ခါမေနီ၏ ရုံးခန်းနှင့် နေအိမ် ဝင်းအနီးတစ်ဝိုက်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီ၏ သေဆုံးမှုသည် အီရန်နိုင်ငံအတွက်သာမက တစ်ဒေသလုံးရှိ အီရန်လိုလားသော လက်နက်ကိုင်အဖွဲ့များအတွက်ပါ ကြီးမား သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။
အီရန်အစိုးရဘက်မှမူ ယခုအချိန်အထိ ၎င်းတို့ခေါင်းဆောင်ကြီး ကွယ်လွန်မှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း တီဟီရန်မြို့တစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလုံးအရင်းဖြင့် ချထားကြောင်း သိရသည်။
အီရန်အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် လက်ရှိတွင် အသက်ရှင်လျက် ရှိ၊ မရှိကို အီရန်အစိုးရတာဝန်ရှိသူများက အသေအချာ အတည်ပြုပြောကြားရန် ငြင်းဆန်နေသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မကြာမီအချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi) က ခါမေနီ၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကျနော်တို့သိသလောက်တော့ ခေါင်းဆောင်ကြီးဟာ အသက်ရှင်လျက် ရှိနေပါသေးတယ်” ဟုသာ မရေမရာ ဖြေကြားခဲ့သည်။
အဆိုပါ ပြောကြားချက်သည် အီရန် ခေါင်းဆောင်ကြီး ခါမေနီ အမှန်တကယ် ဘေးကင်းခြင်း ရှိ၊ မရှိအပေါ် သံသယများ ပိုမိုမြင့်တက်စေခဲ့သည်။
တိုက်ခိုက်မှုများ စတင်ချိန်တွင် ခါမေနီအား လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း အီရန်အရာရှိအချို့က အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ခါမေနီအနေဖြင့် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သော်လည်း အမှန်တကယ်တွင်မူ မည်သည့်မိန့်ခွန်းမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
မူလက နိုင်ငံတော်သို့ ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းပြောကြားမှု အစီအစဉ် ပျက်ပြယ်သွားခြင်း၊ အဆင့်မြင့်အရာရှိများ၏ မရေရာသော တုံ့ပြန်မှုများကြောင့် အစ္စရေးဘက်က ခါမေနီသေဆုံးပြီဟု ပြောကြားနေသည့် သတင်းများမှာ ပိုမိုခိုင်လုံလာနိုင်သည်ဟု ယူဆရပါသည်။
အကယ်၍ ခါမေနီ အမှန်တကယ် သေဆုံးသွားခဲ့ပါက အီရန်နိုင်ငံ၏ အာဏာလွှဲပြောင်းမှု အကျပ် အတည်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးအခြေအနေမှာ ခန့်မှန်းရခက်ခဲသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေးနေကြသည်။




