ရန်ကုန်၊ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဦးမြို့ ကြာပတ်အဝိုင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
စစ်တပ် စစ်ကြောင်းသည် ရေဦး-ခင်ဦးလမ်းပိုင်း တစ်လျှောက်ကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်ပြီး ရေဦး တံတား ကြာဖူးဝိုင်းမှ လက်နက်ကြီး ၆၀ မမ များဖြင့် ခင်ဦးဘက်သို့လည်းကောင်း၊ မူးတိမ်ချောင်း တံတားမှ စစ်တပ် စစ်ကြောင်းက မြကန်ကျေးရွာဘက်သို့ ၆၀ မမ များဖြင့် လည်းကောင်း ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြင်းဒေါင်းရွာမှ အသက် ၄၀ အရွယ် မခိုင် ၊ အသက် ၄၇ နှစ်အရွယ် ဦးမောင်၊ အသက် ၃၅ နှစ် အရွယ် မကေသီ၊ အသက် ၃၈ နှစ်အရွယ် ကိုဆန်းပြည့်နှင့် အသက် ၃၀ အရွယ် မရွှေစင်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးက မြင်းဒေါင်းရွာက ကိုဆန်းပြည့်တို့ အိမ်ပေါ်ကျရောက် ပေါက်ကွဲတာ ကိုဆန်းပြည့်ရယ်၊ သူမိန်းမရယ်၊ သူသမီးရယ် ၃ ဦးကျည်ဆံအပိုင်းအစတွေ မှန်ခဲ့တယ်။ နှစ်ယောက်က ခြေထောက်တွေကျည်ထိမှန်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထိုသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး အကြမ်းဖက် စစ်တပ်က လမ်းရှင်းမှုများ ပြုလုပ်ပြီးနောက် မိုင်းရှင်းလင်းရန်လာသော မူးတိမ်ချောင်းတံတားမှ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ် ပကဖအဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ ကာကွယ်ရေး အဖွဲ့များနှင့် အတူ ပူးပေါင်းကာ အသင့် တပ်ဆင်ထားသော မိုင်း ၆လုံး၊ နင်းမိုင်း၊ တိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ဦး ပြင်းထန် ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဓာတ်ပုံ- ရေဦးမြို့အပေါ် အထိ စစ်ဆေးရေးလုပ်ဆောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ။ (ပုံအဟောင်းဖြစ်သည်)