29.6 C
Yangon

နိုင်ငံခြားသားနှင့်မြန်မာဖက်စပ် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ် လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်တပ်က သိမ်းယူ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မကြာမီထွက်ခွာပြီး စီးပွားရေး အဆိုးဆုံးဦးတည်မည်ဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားများ ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်တပ်က လဲလှယ်ပြီး မြန်မာငွေများ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း၊ သီရိလင်္ကာကဲ့သို့ ဖြစ်မည်ကို စစ်တပ်က အထူးစိုးရိမ်ကြောက်လန့်နေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ထံမှ သိရှိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံ ခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် စစ်ကောင်စီဗဟိုဘဏ် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ၃၂ / ၂၀၂၂ အစည်းအဝေး က ဆုံးဖြတ်ကြောင်း ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ပြီး ယင်းညွှန်ကြားချက်အရ ကုမ္ပဏီများ၏ နိုင်ငံခြားငွေ စာရင်းများအားလုံးကို ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထား မြန်မာငွေလဲလှယ်ရန်နှင့် ညွှန်ကြားချက် မလိုက်နာလျှင် အရေးယူမည်ဖြစ် ကြောင်း အမိန့်ထုတ်ပြန်လာသည်။

” ကျနော်တို့သိထားတာကတော့ နိုင်ငံတော်နဲ့ပူးတွဲလုပ်နေတဲ့ ပြည်ပ အစိုးရကုမ္ပဏီတွေကလွဲရင် ကျန်တဲ့ ပုဂ္ဂလိက ကဏ္ဍမှာ လုပ်နေတဲ့ ဖက်စပ်ကုမ္ပဏီတွေရော၊ ဝန်ဆောင်မှု ကုမ္ပဏီတွေရော နိုင်ငံခြားသား ရှယ်ယာပိုင်ပါတဲ့ဟာမှန်သမျှ အကုန် နိုင်ငံခြားငွေ ကိုင်ခွင့်မပေးဘဲ တစ်ဒေါ်လာကို ၁၈၅၀ နဲ့ ဗဟိုဘဏ်က သိမ်းပြီး မြန်မာငွေ ပေးမယ်။ အဲဒီလိုပဲ သိထားပါတယ်။ အထည်ချုပ်တွေမှာလည်း ဖက်စပ်အရမ်းများတယ်။ ဒါက ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဗဟိုဘဏ်က ဒေါ်လာ မှန်သမျှ သိမ်းမယ်ဆိုတာပါပဲ။ အခု သူတို့သတ်မှတ်စျေးက တစ်ဒေါ်လာ ၁၈၅၀ ပေမယ့် စျေးကွက်မှာက တစ်ဒေါ်လာ ၂၂၀၀ ဖြစ်နေပြီ။ စီးပွားရေးက နောက်ကို ပြန်ဆုတ်နေပြီ။ သတ်မှတ်စျေးနဲ့ စျေးကွက်စျေးက အရမ်းကွာဟရင် အရင်လို မြန်မာဒေါ်လာ FEC ပြန်ထုတ်လာနိုင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ တဖြည်းဖြည်းနဲ့ ထွက်မှာပဲ။ ထိုင်းမှာလုပ်မှာပေါ့။ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တွေဆီသွားမှာပေါ့။ အဲဒီမှာ ဒီလို ငွေကြေးထိန်းချုပ် မှု စည်းကမ်း ဥပဒေနဲ့ ဒီလိုမျိုး လုပ်ချင်တိုင်းလုပ်နေတာမဟုတ်တော့ သွားကြမှာပဲ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်သတ်မှတ်ပြီး ပို့ကုန်ရငွေ အပါအဝင် နိုင်ငံခြားဝင်ငွေများကို သိမ်းဆည်းလျက်ရှိပြီး သွင်းကုန်များကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် စက်သုံးဆီ၊ ဆေးနှင့်ဆေးဝါး၊ စားသုံးဆီ အပါအဝင် ပြည်ပမှ တင်သွင်းရသော အခြေခံလိုအပ်ချက် သွင်းကုန်များ၏ အခြေအနေ ဆိုးရွားနေကြောင်း၊ ရေရှည်တွင် မဆလခေတ် ဆိုရှယ်လစ်ခေတ်စီးပွားရေးပုံစံ အသက်သွင်းသကဲ့သို့ဖြစ်လာနိုင်သည်ဟု UMFCCI မှ စီးပွားရေးသမားဆက်ပြောသည်။

“သီရိလင်္ကာကိစ္စကို စစ်တပ်ရဲ့စီးပွားရေးနဲ့ဆိုင်တဲ့ ဌာနတွေနဲ့ စီးပွား/ကူသန်း၊ ဗဟိုဘဏ်တွေက ဆွေးနွေးကြတယ်။ အဲဒီလို ဖြစ်လာမှာ ကြောက်လို့ ကြိုပြီး ကာတဲ့အနေနဲ့ဒီလို လုပ်လာတာ။ ဒါပေမယ့် ဒါကလည်း မှန်ကန်တဲ့ ဖြေရှင်းချက် မဟုတ်တော့ တိုင်းပြည်ကို တံခါးပိတ်သလိုဖြစ်တယ်။ ဒေါ်လာကို အစိုးရကပဲ ကိုင်ထားမယ်။ ဒါပေမယ့် ဒေါ်လာ သုံးပြီး သွင်းကုန်တင်သွင်းရမယ့် ကိစ္စတွေမှာကျတော့ အစိုးရက သတ်မှတ်စျေးနဲ့ ပြန် ရောင်းမပေးတာ က အတော်ခက်ကုန်တယ်။ ရေရှည်မှာတော့ စီးပွားရေး အဆိုးဆုံးကို သွားနေတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် စစ်ကောင်စီဗဟိုဘဏ်က ကုမ္ပဏီများအနေဖြင့် ပြည်ပမှ ချေးငွေများကို အတိုးရော အရင်းပါ လတ်တလော ပြန်မဆပ်ဘဲ ညှိနှိုင်းဆောင်ရွက်ကြရန် ဇူလိုင် ၁၃ ရက်နေ့တွင် ညွှန်ကြားလိုက်မှုကလည်း စီးပွားရေးကဏ္ဍတွင် ကြီးမား သော စိန်ခေါ်မှုဖြစ်နေသည်ဟု စီးပွားရေးသမားများက ဆိုကြသည်။

စစ်ကောင်စီ၏ စနစ်မကျသော ငွေလဲလှယ်နှုန်းထား သတ်မှတ်မှုများကြောင့် ရွှေစျေးနှင့် ဒေါ်လာစျေးမှာ အပြစျေးနှင့် မှောင်ခိုစျေး နှစ်မျိုးဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“​ဒေါ်လာက သတ်မှတ်စျေး ၁၈၅၀ ပေမယ့် တကယ်စျေးကွက်စျေး ၂၂၀၀ ဝန်းကျင်မှာပဲရှိတယ်။ ရွှေကလည်း အဲဒီလိုပဲ။ ကိုယ်လိုချင်ရင် စျေးကွက်ပေါက်စျေးနဲ့ဝယ်ရတာ။ ရွှေအသင်းက သတ်မှတ်တဲ့ အပြစျေးနဲ့ဝယ်မရဘူး” ဟု ရွှေနှင့်ဒေါ်လာ စျေးကွက်မှ ဝါရင့်ပွဲစားတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article