နေပြည်တော်၊ မတ် ၃
အကြမ်းဖက်စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင့်တက်လာနေပြီး နေပြည်တော်ရှိ အေလာလေတပ်စခန်းအတွင်းသို့ ရုရှားကုန်တင်လေယာဉ်များဖြင့် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းနှင့်လေယာဉ်ဆီများကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် လာရောက်ပို့ဆောင်ခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် ရုရှားကုန်တင်လေယာဉ် IL-76 တစ်စီးသည် နေပြည်တော်အေလာ လေတပ်အတွင်းသို့ ဆိုက်ရောက်ခဲ့ပြီး မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ အဆိုပါလေယာဉ်သည် လေယာဉ်ဆီနှင့် စစ်ဘက်ဆိုင်ရာ အရေးကြီးပစ္စည်းများကို လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ရုရှား IL-76 အမျိုးအစားကုန်တင် လေယာဉ်သည် နေပြည်တော်သို့ လာရောက်ဆိုက်ကပ်ခဲ့သေးသဖြင့် ရက်သတ္တပတ်တစ်ခုအတွင်း စစ်လက်နက်ပစ္စည်းနှင့် လေယာဉ်ဆီ ပို့ဆောင်မှုမှာ သိသိသာသာ မြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းအချိန်မှစတင်၍ ရုရှားအစိုးရပိုင် ကုန်တင်လေယာဉ် IL-76 များသည် နေပြည်တော်လေဆိပ်နှင့် အေလာလေတပ်သို့ အမြဲလိုလို ကုန်စည်များ လာရောက်ပို့ဆောင်လေ့ရှိကြောင်း၊ စစ်ကောင်စီနှင့် ရုရှားနိုင်ငံအကြား စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
လတ်တလော ရုရှားနိုင်ငံထံမှ ရရှိသည့် လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်း အထောက်အပံ့များမှာ လာမည့်လပိုင်းတွင်လည်း ထပ်မံ၍ ကုန်တင်လေယာဉ်များဖြင့် ထပ်မံ ဆိုက်ရောက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။




