32 C
Yangon

အိန္ဒိယက မြန်မာစစ်တပ်ကို ဆွီဒင်နိုင်ငံထုတ် ၈၄ မမ Carl Gustaf လောင်ချာနဲ့ စနက်တံတွေကို တရားမဝင် ရောင်းချနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

အိန္ဒိယနိုင်ငံဟာ ဆွီဒင်နိုင်ငံထုတ် Carl Gustaf 84 လောင်ချာမှာ အသုံးပြုတဲ့ နည်းပညာမြင့် ဖောက်ခွဲရေးစနက်တံများကို မြန်မာစစ်တပ်စစ်ထံ မကြာသေးမီက တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပို့မှုဟာ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ လက်နက်ပိတ်ဆို့ထားမှုကို ချိုးဖောက်ခြင်း ဖြစ်တယ် လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆွီဒင်လောင်ချာ Carl Gustaf 84 တွေကို ဘယ်မှာအသုံးပြုနေလဲ

ဒီလျှို့ဝှက်တင်ပို့မှုဟာ လောင်ချာနဲ့ စစ်လက်နက် ထုတ်လုပ်တဲ့ ဆွီဒင်ကော်ပိုရေးရှင်း Saab Group က Carl Gustaf လောင်ချာနဲ့ စနက်တံထုတ်လုပ်ရေး လိုင်စင်ကို အိန္ဒိယစစ်လက်နက် ထုတ်လုပ်ရေးဌာနဆီ ပေးအပ်တာက စတင်ခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယမှတဆင့် မြန်မာစစ်တပ်ကို အဆိုပါလောင်ချာတွေ တရားမဝင် ရောက်ရှိလာတာ ဖြစ်တယ်လို့ သတင်းရင်းမြစ်များက အတည်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါ ဆွီဒင်လောင်ချာ Carl Gustaf ကို လက်ရှိ ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းစစ်တပ်က အသုံးပြုခဲ့တယ်လို့လည်း သတင်းများက ဆိုပါတယ်။ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်လက်ထဲ Carl Gustaf လောင်ချာတွေ ရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေက ယခင်ကထဲက ထွက်ပေါ်နေခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေက ကရင်ပြည်နယ် လေး‌ကေကော်နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာတော့ Carl Gustaf 84 ကို အသုံးပြုခဲ့ကြောင်း ကရင်သတင်းမီဒီယာများမှာ ဖော်ပြခဲ့ပြီး၊ ကရင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

ဒီလက်နက်တွေကို ဘယ်တုန်းက တင်သွင်းခဲ့တာလဲ

Panjiva ကုန်သွယ်ရေးမှတ်တမ်းတွေအရ Sandeep Metalcraft ကုမ္ပဏီဟာ Carl Gustaf လောင်ချာမှာ တပ်ဆင်အသုံးပြုတဲ့ ဖောက်ခွဲရေးစနက်တံ ၃,၀၀၀ ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမတိုင်ကလည်း ၂၀၁၉ ခုနှစ်မှာ စနက်တံ ၅ ခု၊ ၂၀၂၀ ခုနှစ်မှာ စနက်တံ ၁,၀၀၀ တင်ပို့ခဲ့တယ်လို့လည်း သတင်းများမှာ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ မတ်လက နောက်ဆုံးတင်ပို့ခဲ့တဲ့ တင်ပို့မှုတွေမှာ ဘယ်လို စနက်တံအမျိုးအစားတွေ ပါဝင်တယ်ဆိုတာကို တိတိကျကျ ခွဲခြားမသိရပေမယ့်လည်း၊ ၂၀၁၉ ခုနှစ် တင်ပို့မှုထဲမှာတော့ ၈၄ မမ Carl Gustaf နောက်ပွင့်ရိုင်ဖယ်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ချိန်ကိုက်စနက်တံ ၄၄၇ ခု ပါဝင်တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။

အဆိုပါ ၈၄ မမ Carl Gustaf နောက်ပွင့်ရိုင်ဖယ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်က တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လောင်ချာ Carl Gustaf 84 အတွက် ဖောက်ခွဲရေးစနက်တံတွေကို မြန်မာပြည်ကို ဘယ်သူတင်သွင်းခဲ့တာလဲ

၈၄ မမ Carl Gustaf နောက်ပွင့်ရိုင်ဖယ်တွေအတွက် ဖောက်ခွဲရေး စနက်တံတွေကို မြန်မာပုဂ္ဂလိက စစ်လက်နက်တင်သွင်းသူ Creative Exploration Ltd က မြန်မာစစ်တပ်အတွက် တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ယခင်ကုမ္ပဏီနံမည်ဖြစ်တဲ့ mySpace International ကို နံမည်ပြောင်းပြီး၊ အသွင်ပြောင်းထားတဲ့ Creative Exploration ကုမ္ပဏီဟာ မြန်မာ့ရဲတပ်ဖွဲ့အတွက် လက်နက်နဲ့ ရဲသုံးပစ္စည်းတွေကို တင်သွင်းတဲ့ အဓိက လက်နက်ပွဲစား ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီကို ဒေါက်တာကျော်ကျော်ထွန်းနဲ့ သူ့ရဲ့ ဇနီး ဇာဖြူတင်စိုးတို့က ပိုင်ဆိုင်ပြီး၊ ဇာဖြူတင်စိုးက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ခဲ့သူ စစ်အရာရှိဟောင်းတစ်ဦးရဲ့ သမီးဖြစ်သူလို့ ဆိုပါတယ်။ ပိုင်ရှင်ကျော်ကျော်ထွန်းကိုယ်တိုင်လည်း စစ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်တယ်လို့ သတင်းရင်းမြစ်များအရ သိရပါတယ်။

Carl Gustaf လောင်ချာတွေကို မြန်မာစစ်တပ် အသုံးပြုနေမှုအပေါ် တုန့်ပြန်ချက်များ

မြန်မာစစ်တပ်အနေနဲ့ ဆွီဒင်လုပ် Carl Gustaf လောင်ချာတွေကို အသုံးပြုနေတယ်ဆိုတာ သိရလို့ အံ့အားသင့်မိတယ်လို့ Swedish Burma Committee က Kristina Jelmin က ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အဲဒီလက်နက်ကို အသုံးပြုပြီး သိပ်မကြာသေးခင်ကမှ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ တိုက်ခိုက်ခဲ့တာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ပစ်ခတ်ဗုံးကြဲခဲ့တယ် ဆိုတဲ့ သတင်းတွေက ထိတ်လန့်စရာတွေပါပဲလို့ သူမကဆက်ပြောခဲ့ပါတယ်။

ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ အေဂျင်စီဖြစ်တဲ့ ISPက ပြောရာမှာတော့ ဒီလက်နက်တွေဟာ ယခင်ကထဲက အိန္ဒိယက မြန်မာပြည်ကို ပြန်လည်တင်ပိုခဲ့တာဖြစ်ပြီး၊ ဒါဟာ လက်နက်ရောင်းချမှုဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်တဲ့အတွက် Saab ကုမ္ပဏီအနေနဲ့ ဒါနဲ့ပတ်သတ်ပြီး ဖြေကြားပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆွီဒင်နဲ့အိန္ဒိယ လက်နက်ကုမ္ပဏီတွေအကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ Carl Gustaf 84 လောင်ချာထုတ်လုပ်မှုဟာ အိန္ဒိယစစ်တပ်အတွက်သာဖြစ်ပြီး EU ရဲ့လက်နက်ပိတ်ဆို့တာ ခံနေရတဲ့ မြန်မာအပါအဝင် အခြားနိုင်ငံတွေကို ပြန်လည်တင်ပို့ရောင်းချမဲ့အချက်တွေ ပါဝင်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ စာချုပ်မှာ ပါဝင်တဲ့အချက်တွေက ပုံမှန်အားဖြင့် လျို့ဝှက်ထားလေ့ရှိပြီး၊ စစ်လက်နက်ထုတ်ကုန်တွေ ပြန်လည်တင်ပို့ရောင်းချတာတွေအပေါ်မှာ ကန့်သတ်ချက်တွေ ပါလေ့ရှိတယ်လို့ ကုလသမဂ္ဂ လက်နက်စုံစမ်းစစ်ဆေးရေးမှူးဟောင်း မိုက်လူးဝစ်က ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့ ဆွီဒင်လက်နက်ကုမ္ပဏီဖြစ်တဲ့ Saab အနေနဲ့ မြန်မာပြည်ကို လောင်ချာပြန်လည်တင်ပို့ခဲ့တဲ့ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft နဲ့ ပတ်သတ်တဲ့ လိုင်စင်၊ သဘောတူညီချက်တွေ ရှိ မရှိ ဆိုတာနဲ့ပတ်သတ်ပြီး ဖြေကြားပေးရမှာဖြစ်သလို၊ မြန်မာနိုင်ငံကို Carl Gustaf 84 လောင်ချာများ ပြန်လည်တင်ပို့မှုကို တားဆီးရန်အတွက် မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်များကို တုန့်ပြန်ဖြေကြားရမှာ ဖြစ်ကြောင်း ဆက်လက်ပြောခဲ့ပါတယ်။ ရရှိထားတဲ့အချက်အလက်များအရ Sandeep Metalcraft ကုမ္ပဏီရဲ့တင်ပို့မှုတွေအတွက် လိုင်စင်မရှိဘူးလို့လည်း Global Bar Magazine ကအတည်ပြုဖော်ပြထားပါတယ်။

ကန့်သတ်တားမြစ်ချက်တွေ မရှိတဲ့ အိန္ဒိယရဲ့ လက်နက်တင်ပို့မှုများ

အိန္ဒိယဟာ လက်နက်တင်ပို့မှုအပေါ် ကန့်သတ်ချက် (သို့မဟုတ်) လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် ဆက်စပ်နေတဲ့ ၎င်းရဲ့ လက်နက်တင်ပို့မှုတွေအပေါ် ကန့်သတ်ချက် တစ်စုံတစ်ရာ ချမှတ်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။။

အိန္ဒိယဟာ လက်နက်တင်ပို့မှုနဲ့ ပတ်သတ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေမှာ အသုံးပြုနေတယ်လို့ သိရှိပါက အဆိုပါ လက်နက်တင်ပို့မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လက်နက်ကုန်သွယ်မှု စာချုပ်မှာလည်း လက်မှတ်ထိုး ပါဝင်ထားခြင်း မရှိပါဘူး။

အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ဖို့အတွက် ၄င်းရဲ့စစ်လက်နက်တွေ မြန်မာစစ်တပ်ကို တင်ပို့နေတာကို ခွင့်ပြုနေခြင်းဖြင့် အိန္ဒိယဟာ အရပ်သားများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်ကို တိုက်ရိုက်ထောက်ခံပံ့ပိုးနေတာ ဖြစ်ပါတယ်။

Justice for Justice မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ဆွီဒင်နိုင်ငံအနေနဲ့ အိန္ဒိယစစ်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို လောင်ချာနဲ့ စစ်လက်နက်ထုတ်လုပ်ရေး လိုင်စင်တွေ ပေးအပ်တာနဲ့ စစ်ထုတ်ကုန်ပစ္စည်းတွေ တင်ပို့တာတွေကို မဖြစ်မနေ ရပ်ဆိုင်းရမယ်လို့ ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံကို အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ရဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့တာတွေမှာ ဆွီဒင်နည်းပညာတွေ ပါဝင်ခြင်းရှိ မရှိကို စုံစမ်းစစ်ဆေးရပါမယ်။ တကယ်လို့ ဆွီဒင်နိုင်ငံအနေနဲ့ အကြမ်းဖက်မြန်မာစစ်တပ်ကို လောင်ချာပြန်လည်တင်ပို့နေမှုတွေကို မရပ်တန့်ပါက အိန္ဒိယကို လက်နက်တင်ပို့မှု ရပ်ဆိုင်းရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် အိန္ဒိယအနေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သတ်ဖြတ်ထားပြီး၊ လူပေါင်း ၆၉၀,၀၀၀ လောက်ကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် အကြမ်းဖက်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ဖက်က မရပ်တည်ပဲ၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုပါတယ် လို့လည်း သူမက ဖြည့်စွက် ပြောခဲ့ပါတယ်။

News_Source – Global Bar Magazine, Justice for Myanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article