ရန်ကုန်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ်၊ ရှားကွဲရွာဘက်မှ အကြမ်းဖက် စစ်တပ်သည် ဒရုန်းများဖြင့် ကျေးရွာများကို နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ချောင်းမီးတိုရွာကို ဗုံးကျရောက်ပေါက်ကွဲကာ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
“ရှားကွဲဘက်က စစ်ခွေးတွေက အနီးအနားရွာတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာက နေ့တိုင်းနီးပါးကို လုပ်ဆောင်နေတာ အဲစစ်ခွေးတွေ ဗုံးကျဲလို့ ချောင်းမီးတိုရွာထဲကို ဒရုန်းဗုံးကျပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မတ်လ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ်ရွာနှင့် ကူကြီးရွာ အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်သည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သစ်ဆိပ်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဆက်လက် တပ်စွဲထားဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းနေခြင်းကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ကာ တပ်စွဲထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ပြီး ကျေးရွာများကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများ တောင်သာမြို့အထွက်ရှိ ကျေးရွာများကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် မတ်လ ၁ ရက်နေ့ကလည်း တောင်သာမြို့နယ်ရှိ ဂတ်ပိုက်လိုင်းတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နကူးရွာ၊ ကျောက်ချောရွာနှင့် နဘဲကန်ရွာများကို ရောက်ရှိလာပြီး ခရီးသွားပြည်သူများထံမှ ငွေကျပ် ၂ သိန်းကို အတင်းအဓမ္မ ဆက်ကြေးကောက်ခံသွားကြောင်း သိရှိရသည်။
“တောင်သာမြို့နယ်ထဲမှာ စစ်ခွေးစစ်ကြောင်းက လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ အတင်းအဓမ္မ ဆက်ကြေးကောက်တာတွေ တောင်းယူတာတွေ လုပ်ဆောင်တာပါ။ အဲတာက တွေ့တဲ့သူဆီက ယူတယ်။ ပြည်သူတွေလည်း စစ်ခွေးစစ်ကြောင်းရှိပြီဆို ဂရုပြုသွားလာကြဖို့ အသိပေးချင်တယ်။ ဒီနေ့ စစ်ခွေးတွေက တောင်သာမြို့အထွက်မှာ လက်နက်ငယ်တွေနဲ့ ရွာတွေကို ရမ်းပစ်တာတွေလည်းရှိတယ်။ ပြည်သူတွေ ထိခိုက်တာတော့မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့နယ်၊ နန်းတည်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




