27 C
Yangon

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်

Must read

🟥 မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို

ရန်ကုန်၊ မတ် ၈

နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။

အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နိုင်ငံဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့် (Scam Centers) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သမ္မတ ဒေါ်နယ်ထရမ့်က အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအမိန့်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မိမိတို့မြေပေါ်တွင် လက်ခံခွင့်ပြုထားသော နိုင်ငံများကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် စီးပွားရေးပိတ်ဆို့မှု (Sanctions) ချမှတ်ရန် အပါအ၀င် နောက်ဆက်တွဲ အရေးယူမှုများစွာ လုပ်ဆောင်ရန် ပါဝင်သည်။

ထို့ကြောင့် ကျားဖြန့်ဂိုဏ်းများ ထွန်းကားတွင်ကျယ်နေသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ရှိ ကျားဖြန့်အခြေစိုက်ရာ နယ်မြေများနှင့် အဆိုပါဂိုဏ်းများကို အကာအကွယ်ပေးထားသည့် အာဏာပိုင်များအတွက် ကြီးမားသော သတိပေးချက် ဖြစ်လာကြောင်း နိုင်ငံတကာသတင်းများတွင် သုံးသပ်ရေး သားထားသည်။

အမေရိကန်သမ္မတ ထရမ့်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် အမျိုးသားညှိနှိုင်းရေးဗဟိုဌာန (NCC) ကို အမျိုးသားအဆင့် ဦးဆောင်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီး၊ ၎င်းတို့၏ လုပ် ငန်းများကို နှောင့်ယှက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အမြစ်ပြတ်ဖြိုခွဲခြင်း (Dismantling) တို့ကို လုပ်ဆောင်မည့် လုပ်ငန်းစီမံချက် (Action Plan) တစ်ရပ်ကို ရေးဆွဲရန် ညွှန်ကြားထားသည်။

ယင်းအပြင် ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုနှင့် လှည့်ဖြားမှုများကို ဦးစားပေး တရားစွဲဆိုရန် ရှေ့နေချုပ်ကို ညွှန်ကြားထားပြီး၊ လိမ်လည်သူများထံမှ သိမ်းဆည်းရမိသော ရန်ပုံငွေများကို နစ်နာသူများထံ တိုက်ရိုက်ပြန်လည်ပေးအပ်ရန် “နစ်နာသူများ ပြန်လည်ကုစားရေး အစီအစဉ်” (Victims Restoration Program) ကိုလည်း တည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတထရမ့်၏ အမိန့်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျားဖြန့်များကို လက်ခံထားသော နိုင်ငံများကို ၎င်းတို့မြေပေါ်ရှိ ရာဇဝတ်ဂိုဏ်းများကို အရေးယူရန် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တောင်းဆိုရမည်ဖြစ်ကြောင်း၊ အဆိုပါ ကျားဖြန့်ဂိုဏ်းများကို လက်ခံခွင့်ပြုထားသော (Tolerate) နိုင်ငံများအပေါ် စီးပွားရေးပိတ်ဆို့မှုများ (Sanctions) ချမှတ်ခြင်း၊ ဗီဇာကန့်သတ်ခြင်း (Visa Restrictions)၊ နိုင်ငံခြားအကူအညီများ ကန့်သတ်ခြင်း (Foreign Assistance Limits) နှင့် ပါဝင်ပတ် သက်နေသော အရာရှိများကို နှင်ထုတ်ခြင်းတို့ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ Ransomware၊ Phishing၊ ဘဏ္ဍာရေးလိမ်လည်မှု၊ Sextortion (လိင်ပိုင်းဆိုင်ရာ ငွေညှစ်ခြင်း) နှင့် အယောင်ဆောင်လှည့်ဖြားမှုများသည် ခေတ်မီဆန်းပြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCO) များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အခြေ အနေများစွာတွင် နိုင်ငံခြားအစိုးရများသည် ၎င်းတို့ကို သွယ်ဝိုက်၍ ထောက် ခံပေးထားပြီး အဓမ္မလုပ် အားပေးခိုင်းစေမှုနှင့် လူကုန်ကူးမှုများဖြင့် လည်ပတ်နေသော အရိပ်အောက်ရှိ စီးပွားရေးလုပ်ငန်းစုကြီးကို ဖန်တီးနေကြကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန် ပြည်သူများထံမှ ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုကြောင့် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အမေရိကန် FBI က ထိုင်းနိုင်ငံတွင် အခြေစိုက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article