ရန်ကုန်၊ မတ် ၈
ယနေ့ ကျရောက်သည့် မြန်မာ့ရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လူသိများသည့် “နှင်းဆီ” အဖွဲ့၏ ဖျော်ဖြေပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပွဲပြန်ထွက်မည်ဖြစ်ကြောင်း ရုပ်ရှင်လောကသားများထံမှ သိရှိရသည်။
“နှင်းဆီ” အငြိမ့်သည် ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းမော်ကွန်းက အဓိက အဖွဲ့ဝင်အဖြစ် ပါဝင်သော အလွန်အောင်မြင်ကျော် ကြားသည့် အဖွဲ့ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မင်းသား မင်းမော်ကွန်းမှာ တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သဖြင့် နှင်းဆီအဖွဲ့၏ ဖျော်ဖြေမှုများ ဆက်လက်မလုပ်ဆောင်နိုင်ဘဲ ရပ်တန့်ခဲ့ရသည်။
ယခုအခါ တော်လှန်ရေးဘက်တော်သား ရုပ်ရှင်မင်းသား မင်းမော်ကွန်း မပါဝင်ဘဲ ယနေ့ကျရောက်သည့် မြန်မာ့ရုပ်ရှင်အစည်း အရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် နှင်းဆီ အဖွဲ့ကို ပထမဆုံးအကြိမ် ပွဲပြန်ထွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ မတ်လ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရုပ်ရှင်အစည်းအရုံး နှစ် ၈၀ ပြည့်ပွဲတွင် “နှင်းဆီ” အဖွဲ့က ယခင်ကဲ့သို့ အငြိမ့်ပုံစံမဟုတ်ဘဲ ပြဇာတ်အဖြစ် ဖျော်ဖြေမည်ဖြစ်ကြောင်း၊ နှင်းဆီအဖွဲ့ ပွဲ ပြန်လည် ထွက်ရှိလာခြင်းကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အမည်ခံထားသော်လည်း မင်းသား နေတိုးက အဓိက ဦးဆောင်စီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
မင်းမော်ကွန်း မပါဝင်ဘဲ နှင်းဆီအဖွဲ့ကို ပြန်လည်ဖွဲ့စည်း၍ ပွဲပြန်လည် ထွက်လာခြင်းအပေါ် “မင်းမော်ကွန်းနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခြင်းလော” ဟု ဝေဖန်မှုများ ရှိနေသော်လည်း၊ ဒါရိုက်တာ မောင်မျိုးမင်းကမူ ဝေဖန်သူများကို “အဆင့်မရှိသူများ” ဟု တုံ့ပြန်ထားသည်။
အထူးသဖြင့် ရုပ်ရှင်မင်းသား နေတိုးအနေဖြင့် ပြင်ပဖိအားကြောင့်မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် နှင်းဆီ အဖွဲ့ ပွဲပြန်ထွက်နိုင်ရေး ဦးဆောင်လုပ်ကိုင်နေခြင်းမှာ တော်လှန်ရေးအပေါ် စာနာမှုမရှိသည့် သဘောဖြစ်နေကြောင်း အနုပညာလောကသားအချို့က ဝေဖန်နေကြသည်။
“ဒီလို ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှင်းဆီအဖွဲ့ ပြန်လာနိုင်မလားဆိုတဲ့ ပထမခြေလှမ်းအနေနဲ့ စမ်းသပ်တဲ့ အနေအထားလို့လည်း မြင်နိုင်ပါတယ်။ အခုချက်ချင်း နှင်းဆီ အငြိမ့်ကို မလုပ်ရဲသေးတဲ့အကြောင်း ကတော့ အဖွဲ့ဝင်တစ်ချို့ မပါဝင်သေးတာ၊ အထူးသဖြင့် မင်းမော်ကွန်း မပါဝင်တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတော့ ပြဇာတ်နဲ့ စပြီး နောက်ပိုင်းမှ နှင်းဆီ အငြိမ့် ကို ဆက်လုပ်လာနိုင်တယ်ဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်” ဟု ရုပ်ရှင်လောကသားတစ်ဦးက ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ်အာဏာရှင် တော်လှန်ရေးနှင့် ပတ်သက်သူများ၏ ရုပ်ရှင်များကို ပိတ်ပင်ခြင်း လုပ်ဆောင်နေကြောင်း ၊ စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ဆင်ဆာအဖွဲ့များက တော်လှန်ရေးတွင် ပါဝင်နေသူများ သို့မဟုတ် ပြည်ပသို့ ထွက်ခွာသွားသူများ ပါဝင်သည့် ရုပ်ရှင်များကို ဆက်တိုက်ပိတ်ပင်နေကြောင်း သိရှိရသည်။
“ရုပ်သေးရုပ်” ရုပ်ရှင်ကို ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးပြီး ရုံတင်ရန် ကြော်ငြာများပင် ပြုလုပ်ပြီးသားဖြစ်သော်လည်း နောက် ဆုံးမိနစ်တွင် ရုံတင်ခွင့် ပိတ်ပင်ခံလိုက်ရကြောင်း၊ အကြောင်းအရင်းမှာ စစ်တပ်နှင့်ပြဿနာဖြစ်ပွားနေသော ပဲကုန်သည် မဟာနဒီထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ ကိုရဲမင်းလွင်က ရုပ်ရှင်အတွက် ငွေကြေးပံ့ပိုးမှု ပါဝင်နေသည်ဟူသော ယူဆချက်များကြောင့် စစ်တပ်က ရုပ်ရှင်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဒါရိုက်တာ မိုက်တီး ရိုက်ကူးပြီး မြင့်မြတ် ပါဝင်သည့် ပင်းတယတွင် ရိုက်ကူးထားသော ရုပ်ရှင်ကားကိုလည်း စစ်တပ်ကို ဝေဖန်သော ဒါရိုက်တာမိုက်တီး ရိုက်ကူးထားခြင်းကြောင့်ဟုဆိုကာ ရုံတင်ခွင့် ပိတ်လိုက်ကြောင်း သိရသည်။
ထို့အတူ “နိယာမအလွန်”ဇတ်ကားမှာလည်း ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးခဲ့ပြီး ယင်းရုပ်ရှင်တွင် တော်လှန်ရေးဘက်တော် သား ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသူ ပါဝင်နေကြောင်း၊ ထို့ကြောင့် ပိုင်ဖြိုးသု၏ အခန်းများကို ဖြုတ်၍ အခြားသူနှင့် အစားထိုးရိုက်ကူးရန် ဖိအားပေးမှုများ ရှိနေသကဲ့သို့၊ အခြားသော ရုပ်ရှင်များကိုလည်း ထိုနည်းအတိုင်း ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စစ်တပ်မှ ဗိုလ်မှူး သိန်းထွန်း ဦးဆောင်၍ ရုပ်ရှင်ဥပဒေအသစ်တစ်ခုကို ပြဋ္ဌာန်းရန် ကြိုးပမ်းနေပြီး၊ နောင်တွင် “ရုပ်ရှင်အစည်းအရုံး” အစား “ရုပ်ရှင်ကောင်စီ” အဖြစ် ပြောင်းလဲကာ ပိုမိုတင်းကျပ်သော ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်သွားရန် စီစဉ်နေကြောင်း၊ အဆိုပါ ဥပဒေက အနုပညာရှင်များ၏ ဖန်တီးမှုလွတ်လပ်ခွင့်ကို လုံးဝပိတ်ပင်ရန်ဖြစ်ပြီး၊ အနာဂတ်တွင် အနှစ်သာရမရှိသော ဝါဒဖြန့်ကားများသာ ထွက်ရှိလာနိုင်သဖြင့် မြန်မာ့ရုပ်ရှင်လောက ပိုမိုနိမ့်ကျသွားမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ရုပ်ရှင်လောကသားများက ဝေဖန်သုံးသပ်ပြောဆိုကြသည်။




