ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အလုပ်မှ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံခဲ့ရသော စစ်မှုထမ်းတပ်သားသစ် ကိုရဲမင်းဦး အလင်းဝင်ရောက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၇ ရက်နေ့ ပုသိမ်ကြီးမြို့နယ်ရှိ ခမရ ၁၁၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သစ် ရဲမင်းဦးက သေနတ်ယူလာခြင်း မရှိဘဲ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ကိုရဲမင်းဦးသည် ရေစကြိုမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်တစ်ခုက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စစ်တပ်ထဲ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း အပတ်စဉ် ၁၉ ကို ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးတွင် ၁၂ ပတ်ကြာ တက်ရောက်ခဲ့ပြီးနောက် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ခမရ ၁၁၉ တပ်ရင်း သို့ ပို့ဆောင်ခံရကာ စစ်ကိုင်း တပ်မ ၃၃ တွင် ယာယီ သွားရောက်နားခိုနေစဉ် လျှပ်စီးတပ်ခွဲနှင့် ချိတ်ဆက်၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းကတော့ မပါဘူး။ သူက စစ်မှုထမ်း အပတ်စဉ် ၁၉ ပါ။ သင်တန်းဆင်းတာမကြာသေးလို့ သူ့ကို လက်နက်ကိုင်ဆောင်ခွင့်မပေးလို့ မပါလာတာ စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်ပြေးလာတာ သူ့တပ်ရင်းကတော့ ခမရ ၁၁၉ လို့ သိရတယ်။ သူက ရေစကြိုဇာတိပါ။ အလုပ်သွားရင်း ကန့်ဘလူမြို့နယ်မှာရှိတဲ့ စစ်ခွေးဂိတ်တစ်ခုက ပေါ်တာဆွဲဖမ်းဆီးတာလို့ သိရတယ်။ ကျနော်တို့နဲ့ ၂ လပိုင်းကစပြီး ချိတ်ထားတာ သူလွတ်မြောက်ဖို့ရာ အတွက်လုပ်သေးတယ်။ အဲ့မှာ ပြန်ဖမ်းခံရတယ်။ ဒါက ဒုတိယအကြိမ် ပြန်ပြီးထွက်ပြေးလွတ်မြောက်လာတာပါ။ လက်ရှိမှာတော့ သူ့ကို မိသားစုတွေထံ အပ်နှံပေးခဲ့ပါတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ ကိုမိုးကြိုးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်အတွင်းမှ ပြည်သူနှင့်ပူးပေါင်း အလင်းဝင်လိုသော တပ်သားများနှင့် စစ်မှုထမ်း တပ်သားသစ်များကို တော်လှန်ရေးတပ်ဖွဲ့များက ဖိတ်ခေါ် ကြိုဆိုကြောင်း ကိုမိုးကြိုးက ပြောဆိုသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၂၉၅၆ ဦးထိရှိလာကြောင်း သိရှိရသည်။




