ရန်ကုန်၊ မတ် ၁၀
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်း (ခေါ်) ဒွတ်ကျော်ကျေးရွာမှ စစ်မှုထမ်းအပတ်စဉ် ၁ တွင် ပါဝင်သွားသည့် စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်းပြန်မရကြောင်း မိသားစုဝင်များထံသို့ စစ်တပ်က ပေးပို့လာသော အကြောင်း ကြားစာ အရ သိရှိရသည်။
ယခုမတ်လဆန်းပိုင်း ကသာတိုက်ပွဲတွင် သေဆုံးသွားသော စစ်မှုထမ်းတပ်သား ရန်ကိုအောင်မှာ ရပ်/ကျေး ကြံ့ဖွတ် ခေါင်းဆောင် မောင်လွင်၏သားဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံးအကြိမ် ခေါ်ယူသည့် အပတ်စဉ် ၁ တွင် ပါဝင်သွားခဲ့သူဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုမတ်လဆန်းရက်ပိုင်းအတွင်း ကသာတိုက်ပွဲတွင် ကျဆုံးသွားပြီဟု စစ်တပ်က တရားဝင်စာပေးပို့ လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အလောင်းပြန်မရသော်လည်း ယခုရက်ပိုင်းအတွင်း သေဆုံးသူ စစ်မှုထမ်းတပ်သား ရန်ကိုအောင်အတွက် နာရေးရက်လည် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဒေသခံများ၏ ပြောပြချက်အရ စစ်မှုထမ်းတပ်သား ရန်ကိုအောင်၏ ဖခင်ဖြစ်သူ မောင်လွင်မှာ ကြံ့ဖွတ်ပါတီအမာခံဖြစ်ပြီး ဆေးကုသခွင့်လိုင်စင်မရှိဘဲ (အပ်ပုန်းကိုင်) ဆေးကုသမှုများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘူးလက် လှဆွေ၏ အမာခံ ထောက်ခံ သူလည်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ စစ်မှုထမ်းတပ်သားများကို လစဉ် ခေါ်ယူခဲ့ပြီး ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၂၃ သို့ ရောက်ရှိနေပြီဖြစ်သည်။




