ရန်ကုန်၊ မတ် ၁၀
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်း ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
မတ်လ ၇ ရက် ညနေပိုင်းက ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ စာသင်ကျောင်း အ တွင်း၌ စစ်တပ်က မတရားဖမ်းဆီးသတ်ဖြတ်နေသော ပြည်သူ ၃၀၀ ခန့်အနက်မှ ပြည်သူ ၁၅၀ ခန့် ကို ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း ၊ P2-3702 နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ကယ် ထုတ်ခဲ့ရာ ပြည်သူ ၁၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“၇ ရက်နေ့ညက ကျနော်တို့ အဲဒီရွာထဲကို ဝင်သွားတယ်။ အဲဒီမှာ ရွာသားတွေ ပြန်လွတ်လာတာပါ” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၅ ရက် နံနက် ၅ နာရီခန့်က ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်းရွာ၊ ခရုကုန်းရွာ နှင့် ကျောင်းကုန်းကျေးရွာများသို့ စစ်ကော်မရှင် လက်အောက်ခံ တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ကျော် ပါ စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်ခဲ့ပြီး ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံဖမ်း ဆီး ကာ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀ ဦးကျော် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
စစ်တပ်၏ အစုလိုက် အပြုံလိုက်ဖမ်းဆီးသတ်ခြင်းခံခဲ့ရသည့် ရေတွင်းကုန်းကျေးရွာသည် ညောင် လေးပင်မြို့နှင့် ၇ မိုင်ခန့်အကွာ၊ ပိန်းဇလုပ်မြို့နှင့် ၃ မိုင်ခန့်အကွာအဝေး၌ တည်ရှိပြီး လက်ရှိအချိန် အထိ ရေတွင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာတို့ကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများအတွင်း၌ ဓားစာခံဖမ်းဆီးခံထားရသည့် ပြည်သူများလည်း ဆက်ရှိနေဆဲ ဖြစ်ပြီး အချို့ကို ငွေ တောင်းကာ ပြန်လွှတ်ပေးသူများလည်းရှိကြောင်း၊ ထို့အပြင် စစ်တပ်က ပစ်ခတ်ပြီး သေ ဆုံးခြင်းမရှိဘဲ အပြင်းအထန်ဒဏ်ရာရရှိသူ အချို့ကိုလည်း ပိန်းဇလုပ်ဆေးရုံသို့ တင်ပို့ထားသူ များလည်းရှိကြောင်း သိရသည်။




