ရန်ကုန်၊ မတ် ၁၀
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းရှိ ကူတောကျေးရွာမှ ပြည်သူ့နေအိမ် အလုံး ၄၀ ခန့်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်းရှိ ကူတောကျေးရွာအတွင်းသို့ ဝင် ရောက်လာသော အင်အား ၅၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် ပြည်သူ့နေအိမ်တံခါးများကို ရိုက်ချိုး ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ ထို့သို့ ခိုးယူပြီးနောက် နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ရာ နေအိမ်အလုံး ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“ငါ့သရောက်ရဲစခန်းကနေ ထွက်လာတာလည်းရှိတယ်။ ပြီးတော့ ဗျတ္တပန်းဆက်လမ်းဘက်ကနေ ဝင်လာတဲ့ စစ်ကြောင်းလည်းရှိတယ်၊ စစ်ကြောင်းက နှစ်ခု ၃ ခုပေါင်းပြီး ညှပ်ထိုးတာ၊ အင်အားက ထောင်ဂဏန်းလောက်ရှိတယ်။ မီးရှို့သွားတာက အဓိကတော့ ကူတောကျေးရွာကိုပဲ မီးရှို့သွားတာ၊ ကျန်တဲ့ ရွာတွေကတော့ တစ်ရွာဝင်၊ တစ်ရွာထွက်ဝင်တယ်၊ အိမ်တံခါးတွေဖျက်ဆီးတယ်၊ ပြီးရင် ပစ္စည်းတွေ အကုန်ခိုးတယ်၊ ဝင်တာက ငါ့သရောက်မြို့နယ်ခွဲ တစ်ခုတည်းဝင်တာမဟုတ်ဘူး၊ ကျောက်ပန်းတောင်းနယ်မြေဘက်တွေပါ အကုန်လုံးဝင်မွှေမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းပါ၊ ကျနော် တို့ညောင်ဦးမြို့နယ်အပြင် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှာလည်း မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ တွေရှိတယ်” ဟု ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ငါ့သရောက်မြို့နယ်ခွဲအတွင်းရှိ ပြည်သူထောင်ချီကာ စစ်ဘေးရှောင်နေရပြီး အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းကငါ့သရောက်မြို့ နယ်ခွဲအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ယမန်နေ့ မတ်လ ၉ ရက်နေ့က ငါ့သရောက်မြို့သို့ ရောက်ရှိသွားသော်လည်း ယခုအခါ ငါ့သရောက်မြို့အနောက်ဘက်၌ အင်အားစု စည်းကာ ဆက် လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။






