ရန်ကုန်၊ မတ် ၁၂
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၆၇ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်နှင့် ဒေသတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ သိရသည်။
မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာ အတွင်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုဝင်းဝ စစ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် အပြီးသိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ပွဲများအတွင်း စစ်ကူလာသော စစ်ကြောင်းများကိုပါ တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၆၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဝင်းဝစခန်းက မနေ့က သိမ်းပိုက်နိုင်ခဲ့တာ စစ်ခွေးဘက်က ၆၇ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်။ စစ်ကူစစ်ကြောင်းတွေလည်း ထိခိုက်သေဆုံးတာ တော်တော်များတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်တပ်စခန်းသိမ်း တိုက်ပွဲကို ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ် ၂ ဦးဆောင်မှုဖြင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ တပ်မဟာ ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ ၃၃ လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီတပ်စခန်းက စစ်ခွေး ၁၀၀ ကျော်လောက် တပ်စွဲထားတာ။ သေဆုံးတာကတော့ စစ်ခွေး ၅၀ ထက်မနည်းဘူးသေတယ်။ သေဆုံးက အဲဒီထက်ပိုများနိုင်တယ်” ဟု KNLA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။







