ရန်ကုန်၊ မတ် ၁၂
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းမှ အရက်ထွက်ဝယ်သည့် ရဲစခန်းမှူး နေမင်းနိုင် နှင့် နယ်ထိန်းရဲ စိုးမြင့်သန်းတို့ကို တိုက်ခိုက်ရာ နယ်ထိန်းရဲ သေဆုံးခဲ့ကြောင်း Taung Tha People Defense Force မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝဲလောင်ရဲစခန်းမှ ရဲစခန်းမှူး နေမင်းနိုင် နှင့် နယ်ထိန်း စိုးမြင့်သန်း (ခ) တတ်တူး တို့သည် ရဲစခန်းအနီးရှိ စားသောက်ဆိုင်သို့ အရက်ဝယ်ရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း နယ်ထိန်း ရဲငစိုး (ခ) စိုးမြင့်သန်း သည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲစခန်းမှူး နေမင်းနိုင်သည် ခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားသောနေရာသည် ဝဲလောင်ရဲစခန်းနှင့် အလွန်နီးကပ်ပြီး ရဲအတွင်းရှိ ရဲများနှင့်လည်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မသိမ်းနိုင်ခဲ့ဘူး။ အရက်ဆိုင်က ရဲစခန်းပေါက်၀မှာ စခန်းထဲက ဘန်ကာကနေပစ်တာကြောင့် ရဲဘော်တွေအန္တရာယ်ကင်းရှင်းရေးအတွက် G3 ၁ လက်နဲ့ MA3၁ လက် မကောက်ဘဲ ပြန်ဆုတ်ခိုင်းခဲ့တာပါ” ဟု Taung Tha People Defense Force မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Taungthar People Defence Force (TTA -PDF)မှ ရဲဘော်များနှင့် ဝဲလောင်တိုက်နယ်ပကဖရဲဘော်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နတ်လူထိပ်ပန် ရပ်ကွက်အတွင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်းMonywa Revolution -MR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မုံရွာမြို့ မုံရွာ-မန္တလေးလမ်းပိုင်း နတ်လူထိပ်ပန် ရက်ကွက်အတွင်းရှိ New Day ဆီဆိုင်ဘေးကပ်ရပ်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို မီတာ ၁၀၀ ခန့်အကွာမှ တော်လှန်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို အကြမ်းဖက် စစ်တပ်က လူနာတင်ယာဉ် ၃ စီးဖြင့် မုံရွာမြို့အတွင်းသို့ တင်ဆောင်ပြီး မောင်းနှင်သွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ၃ကောင်ကတော့ ဘန်ကာအတွင်းမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ စစ်ခွေး ၇ ကောင် ထက်မနည်းမသေမရှင်ဖြစ်သွားတယ်လို့သိရတယ်။ စစ်ခွေးဘက်က လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု Monywa Revolution -MR အဖွဲမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပကဖ Nga Moe Yeik Column စစ်ကြောင်းက ဦးဆောင်ပြီး Monywa Revolution -MR အဖွဲ့တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




